Friday, May 19, 2023

တန်ဖိုးကြီးမားသည့်အမွေအနှစ်များ မပျက်စီးအောင်ထိန်းသိမ်း


 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇက အနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်မှုများဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား၊ အဆောက်အအုံရှစ်ခုတို့တွင် ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၆ ရက်နေ့က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပျက်စီးယိုယွင်းမှုဖြစ်ပေါ်ခဲ့သော ဘုရားစေတီ၊ သာသနိကအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး “သဘာဝဘေးအန္တရာယ် ဖြစ်ပွားချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပျက်စီးမှုဖြစ်ပေါ် ချိန်တွင်လည်း စနစ်တကျပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် နိုင်ငံအတွက်အစားထိုးမရသည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး တန်ဖိုးဖြတ်၍မရနိုင်သည့် ရှေးဟောင်းအမွေ အနှစ်တစ်ခုဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း” မှာကြားခဲ့သည်။

မြန်မာ့ဗိသုကာပညာရပ်သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် အရည်အသွေးမြင့်မားခဲ့သော မြန်မာတို့၏ပညာတစ်ရပ်ဖြစ်သည်။ ထုထည်ကြီးမားပြီး အနုပညာလက်ရာမြောက်စွာ တည်ဆောက်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် အရည်အသွေးမြင့်မားလှသဖြင့် ယနေ့ထက်တိုင်အောင် တည်တံ့ခိုင်မြဲလျက်ရှိပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ဂုဏ်ယူဖွယ်မှတ်တမ်းရေးထိုးထားနိုင်ခဲ့သည်။ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို စနစ်တကျနှင့်ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားရန်လိုပြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြစ်သည့် မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်၊ ရေဝင်၊ ရေဝပ်မှုများနှင့် ထိခိုက်ပျက်စီးမှုများ မရှိစေရေးအတွက် လိုအပ်သည်များကို ကြိုတင်စိစစ်ပြုပြင်မှုများ ပြုလုပ်ထားရမည်ဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် အပူပိုင်းဒေသ ကျယ်ပြန့်သော လွင်ပြင်အရပ်တွင်တည်ရှိပြီး ငလျင်လှုပ်ခြင်း၊ ရေကြီးရေလျှံခြင်းများကို မကြာခဏ ကြုံတွေ့ခဲ့ဖူးသည်။ ဧရာဝတီမြစ်အတွင်း သဲနုန်းမြေပို့ချမှုနှင့် မြေဆီလွှာတိုက်စားမှု များသည် ပုဂံဒေသတွင်ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ သစ်တောသစ်ပင်များသည် အဓိကကျသည့်အခန်းကဏ္ဍဖြစ်၍ နိုင်ငံတော်အကြီးအကဲ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ယခင်ရောက်ရှိစဉ်က သစ်တောသစ်ပင်များ ပျိုးထောင်စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။ ယခု ရောက်ရှိစဉ်တွင် နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲသည့် အနုပညာလက်ရာမြောက်သော ယဉ်‌ကျေးမှုအမွေအနှစ်များကို တည်ဆောက်နိုင်စွမ်းရှိခဲ့သည့် မြန်မာတို့၏ ဗိသုကာပညာရပ်များကို ရှာဖွေဖော်ထုတ်၍ ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

ရှေးခေတ်ကာလက ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများကို တည်ဆောက်ရာ၌ ကော်ရည်အဖြစ် ဥသျှစ်သီး၊ တင်လဲရည်၊ ထုံး၊ အုတ်နီမှုန့်၊ သဲတို့ကို အချိုးကျရောစပ်၍ ဗိသုကာလက်ရာမြောက်သည့် အဆောက်အအုံများနှင့် အနုပညာလက်ရာအမျိုးမျိုးတို့ကို တည်ဆောက်ဖန်တီးခဲ့ကြရာ ယနေ့ထက်တိုင်အောင် မပျောက်မပျက်တည်ရှိနေသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံအနှံ့အပြားတွင် မြင်တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ခေတ်ပေါ်ဓာတုဗေဒနည်းစဉ်များဖြင့် ဖော်စပ်ထားသည့် ဗိသုကာပုံဖော်ပစ္စည်း အမျိုးမျိုးရှိသော်လည်း မြန်မာတို့၏ သဘာဝနည်းစဉ်ဖြင့် ဖော်စပ်ထားသောဗိသုကာ ပုံဖော်ပစ္စည်းများကို သုတေသနပြုလုပ်၍ ခေတ်မီနည်းစဉ်များဖြင့် စမ်းသပ်ပြုလုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ နိုင်ငံအတွက် များစွာအကျိုး များမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံအတွက် အစားထိုးမရနိုင်သော ရှေးဟောင်းအမွေအနှစ်များ၊ တန်ဖိုးဖြတ်၍မရနိုင် သောယဉ်ကျေးမှုအမွေအနှစ်များအား အလွန်ကောင်းမွန်သည့် ရှေးဟောင်းနည်းစဉ်များကို ပြန်လည်ဖော်ထုတ်သုတေသနပြုလုပ်၍ အသုံးပြုကာ အစဉ်အလာကြီးမားသော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထာဝရတည်တံ့ခိုင်မြဲအောင် ဆက်လက် ထိန်းသိမ်းပြုပြင်‌စောင့်ရှောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။                   

No comments:

Post a Comment