Tuesday, May 16, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၁၅

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အမှတ် (၁၃၁) အနုပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းဂျက်ကော့ထူး၊ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ မြန်မာပြက္ခဒိန် ပညာရှင်များ၊ သင်တန်းသားများ တက်ရောက်ကြ သည်။

သက်တမ်း ၇၄ နှစ်အတွင်းဝင်ရောက်

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီး နှစ်နှစ်ခန့်အကြာ ၁၉၅၀ ပြည့်နှစ် စက်တင်ဘာ လ ၁ ရက်တွင် မြန်မာ့ဓလေ့ထုံးစံများနှင့်အညီ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခုအထိ သက်တမ်း ၇၄ နှစ်အတွင်းချင်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါကြောင်း။

ရှေးနှစ်ပေါင်းများစွာကပင် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်ပညာရှင်အသီးသီးတို့က နည်းယူလေ့လာ ကြိုးပမ်းအားထုတ်ပြီး အထောက်အထားခိုင်မာစွာ မှတ်တမ်းပြုစုထားရှိခဲ့ကြသည့် “သံဒိဋ္ဌ တွက်ရိုးပညာ၊ သူရိယသိဒ္ဓန္တတွက်ရိုးပညာ၊ သင်္ကြန်တွက်ရိုးပညာ၊ ပြက္ခဒိန်ပညာ၊ နက္ခတ္တပညာ၊ လထပ်ရက်ငင် လေ့လာချက်ပညာ၊ နေကြတ်၊ လကြတ်လေ့လာချက်ပညာ၊ ဇာတာဖွဲ့နည်းပညာနှင့် မင်္ဂလာအခါပေး ပညာရပ်” များကို ယခုဖွင့်လှစ်သောသင်တန်းတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း။

ဗဟုသုတဘဏ်တိုက်

ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည်ဟု အသိအမှတ်ပြုခြင်းခံရသော နိုင်ငံတိုင်းသည် ကိုယ်ပိုင် ပြက္ခဒိန်ကိုရေးဆွဲပြီး အသုံးပြုနိုင်ကြပါကြောင်း၊ ပြက္ခဒိန်ဆိုသည်မှာ နေ့၊ ရက်၊ လ၊ နှစ်၊ ရာသီနှင့် အချိန်တို့ကို ပိုင်းခြားသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း၌ သတ်မှတ်ရေးဆွဲထားသော ပြက္ခဒိန်များ တွင် ရက်၊ လ၊ နှစ် ကာလအပိုင်းအခြားများသာမက ထိုပြက္ခဒိန်ရေးဆွဲသည့် နိုင်ငံတို့၏ ဓလေ့ထုံးတမ်းများ၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရားဆိုင်ရာများ၊ ဆောင်အပ် ရှောင်အပ်သည်များ၊ သဘာဝရာသီဥတု၏ သဘောတရားများ ဥပုသ်ပြုရန် ရက်သတ်မှတ်ချက် များ စသဖြင့် ဗဟုသုတဘဏ်တိုက်ကြီးသဖွယ် ပါရှိကြပါကြောင်း။

နိဂုံးချုပ်အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ရပ်ဖြစ်သော ပြက္ခဒိန်ရေးဆွဲခြင်း၊ သင်္ကြန်စာ တွက်ချက်ရေးသားခြင်းစသည့် ပညာရပ်များကို နောင်အစဉ်အဆက် တိမ်ကောပပျောက်မှု မရှိစေရန်၊ မျိုးဆက်သစ်များဖြင့် စဉ်ဆက်မပြတ် အင်အားပြည့်ဝနေစေရန် ရည်ရွယ်၍ ဤ “မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း” ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် အသုံးပြုရန် သင်ထောက်ကူပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခဲ့သော အလှူရှင်များဖြစ်ကြသည့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဦးပညိန္ဒ၊ (ဒီဃဘာဏက) ဘဒ္ဒန္တ အရိယဓမ္မ၊ (သာသနဓဇဓမ္မာစရိယ၊ ဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဣဒ္ဓိဗလ၊ ဘဒ္ဒန္တအဂ္ဂဓမ္မသာမိ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု)၊ ဒေါက်တာမျိုးဇော်ဦး + သီဟသုဓမ္မသိင်္ဂီ ဒေါ်အိအိမင်း(ခ) ဒေါ်ပန်းအိ မိသားစု၊ ဦးတင်မျိုးအောင်(ခ) ဆရာသဲ + ဒေါ်စန္ဒာညို၊ သဒ္ဓမ္မဇောတိကဓဇ ဦးရန်နိုင်သိန်း + ဒေါ်ခင်ငြိမ်း ငြိမ်းစိုး မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီး ဦးကျော်မြင့်၊ မြန်မာနိုင်ငံပြက္ခဒိန်ဘွဲ့လွန် ဒီပလိုမာသင်တန်း (၁/၂၀၂၃)မှ သင်တန်းသား ဦးအောင်မြင်ဗိုလ်တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ရန် စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းခန်းမကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment