Thursday, May 11, 2023

တည်ငြိမ်အေးချမ်းရေး ကြိုးပမ်း‌ဆောင်ရွက်

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်တွင် “ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”၊ “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး”တို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုတစ်ဝန်းငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အပြည့်အဝရရှိအောင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ အချို့ဒေသများ၌ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်၊ ပြည်သူလူထုစိုးရိမ်ကြောက်လန့်မှုဖြစ်စေရန်၊ နိုင်ငံတကာမှအထင်အမြင်လွဲမှားစေရန် လက်နက်ကိုင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် EAO အချို့နှင့် ဒီမိုကရေစီအရေး၊ ပြည်သူ့အရေးဟု ကြွေးကြော်၍ ရဟန်းသံဃာ၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား နှောင့်ယှက်ဖျက်ဆီးသတ်ဖြတ်နေသည့် CRPH ၊ NUG အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ကျူးလွန်မှုလုပ်ရပ်များကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ကျူးလွန်လျက်ရှိရာတွင် မေလ ၇ ရက်နေ့ညပိုင်းက CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲ၍ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ တစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့ညပိုင်းတွင်ပင် ကချင်ပြည်နယ် ရွှေကူမြို့နယ်သာယာကုန်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား KIA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အကြမ်းဖက်သမားများသည် ကျေးရွာမြောက်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ထွက်ပြေးသွားခဲ့ပြီး တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၁၅ လုံး ပျက်စီးခဲ့သည်။

မေလ ၇ ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ ထွက်ခွာလာသည့် လူသားချင်းစာနာမှုအကူအညီများပံ့ပိုးရေး AHA Centre မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသော ယာဉ်တန်းအား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်သဖြင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်ပွားရာအနီးတစ်ဝိုက်ကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက လိုအပ်သည့်နယ်မြေလုံခြုံရေးကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံရေးယာဉ်တစ်စီး လက်နက်ငယ်ကျည်အချို့ ထိမှန်ခဲ့သည်။

နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ကဏ္ဍပေါင်းစုံမှဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးတို့ကို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်သမားများက ယခုကဲ့သို့ ယုတ်မာသောလုပ်ဆောင်မှုများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေမည်ဖြစ်သည့်အပြင် လူသားချင်းစာနာထောက်ထားမှုအရ အ‌ထောက်အပံ့အကူအညီပေးအပ်ရေးဆောင်ရွက်မှုအပေါ် ထိခိုက်မှုဖြစ်စေသဖြင့် ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် အခက်အခဲများ ပိုမိုဖြစ်စေနိုင်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လက်နက်ကိုင်အကြမ်းဖက်သမား များလက်ချက်ကြောင့် ယာယီတိုက်ပွဲရှောင်နေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား စောင့်ရှောက်ကူညီပံ့ပိုးပေးလျက်ရှိသည်။ ထို့အပြင် အာဆီယံတူညီဆန္ဒ (၅)ရပ်အနက် စတုတ္ထမြောက်အချက်ဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများပံ့ပိုးရေးကိစ္စများတွင် အပြုသဘောဆောင်စွာဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စာနာမှုအကူအညီများကို လိုအပ်သူများထံ ဖြန့်ဖြူးနိုင်ရေးနှင့် လိုအပ်သူမည်သူတစ်ဦးတစ်ယောက်မျှမကျန်စေရေးကို လက်ကိုင်ပြုလျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချရေးတို့ကို နှောင့်ယှက်ဖျက်ဆီးနေသည့် လက်နက်ကိုင်အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး(Counter Terrorism Operation)ကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။        

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment