ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် လတကာတို့တွင် ကဆုန်လကို အမွန်မြတ်ဆုံးသောလဟု မှတ်ယူထားကြသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လမှာပင် (၁) ဖွားမြင်တော်မူခဲ့သည်။ (၂)ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ (၃)ဗုဒ္ဓဝင်အကျဉ်း ဟောတော်မူခဲ့သည်။ (၄) ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် လတကာတို့ထက် အလေးအနက်ပြုကြလျက် လေးစားမြတ်နိုးကြသည်။ အကြောင်းမှာ မြတ်စွာဘုရားရှင်၏ အကြောင်းအရာ အချက်အလက်တို့သည် ဤကဆုန်လကို မဏ္ဍိုင်ပြုလျက်ရှိသောကြောင့်တည်း။
ကပိလဝတ်ပြည် ဘုရင်သုဒ္ဓေါဒနနှင့် မဟာမာယာဒေဝီတို့၏ သားမြတ်ရတနာ သိဒ္ဓတ္ထမင်းသားကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ချမ်းမြေ့စုံညီ လုမ္ဗိနီဥယျာဉ်၌ ဖွားတော်မူခဲ့သည်။ သိဒ္ဓတ္ထမင်းသားဖွားတော်မူပြီး သက်တော်(၁၆)နှစ် ပျိုမျစ်သည့်အရွယ်တွင် သုံးသွယ်ရွှေနန်း ထီးနန်းကို ၁၃ နှစ် စံတော်မူသည်။ သက်တော်(၂၉)နှစ်ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်လေးမျိုးကို နတ်တို့ပြသောကြောင့် ရွှေစိတ်ငြင်ငြို သံဝေဂဖြစ်ကာ ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်တော်မူသည်။ တောရပ်မြိုင်တွင် ခြောက်နှစ်တရားကျင့်၍ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
ဘုရားဖြစ်သောအခါ ကျွတ်ထိုက်သူ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့ကို ဒုက္ခကင်းငြိမ်းရာမြတ်နိဗ္ဗာန်သို့ ပို့ဆောင်ပေးတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု၊ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါ၊ မလ္လတိုင်း ကုသိနာရုံ အင်ကြင်းတောဝယ် ကဆုန်လပြည့်အင်္ဂါနေ့၌ တပည့်ရဟန်းတို့အား “ရဟန်းတို့ သင်တို့အားမှာကြားခဲ့အံ့၊ ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကုန်၏၊ မမေ့မလျော့ သတိထားကြကုန်” ဟု နောက်ဆုံးစကားမှာကြားပြီး ပရိနိဗ္ဗာန်စံတော်မူသည်။ နောက်ဆုံးစကားဟူသည်မှာ လွန်စွာအရေးကြီးသဖြင့် ကောင်းစွာသိရန်လိုအပ်သည်။ ဤသို့ မြတ်ဗုဒ္ဓ၏ ထူးမြတ်သော အကြောင်းခြင်းရာ လေးခုဆုံသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဗုဒ္ဓရှင်တော်ဘုရား၏ နောက်ဆုံးစကားကို အလေးအနက်ပြုကြရန်လိုပေသည်။
ကဆုန်လသည် ရှေးအခါကာလကတည်းက “တန်ခူးကဆုန်ဆွေ့ဆွေ့ခုန်” သကဲ့သို့ ပူပြင်းခဲ့သည်။ ယနေ့ကာလတွင်လည်း ကဆုန်လသည် အပူဆုံးစံချိန်ကို ဆက်လက်ထိန်းသိမ်းထားသည်။ မည်သို့ပင်ပူပါစေ ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ကဆုန်အပူကိုအန်တု၍ ထူးမြတ်သည့် ကဆုန်လ၏ မြတ်ဗုဒ္ဓဂုဏ်ကို နှလုံးသွင်းသည်။ ကဆုန်အပူကို ကုသိုလ်ရေအေးဖြင့် ငြှိမ်းသတ်ပေးသည်။ မြတ်ဗုဒ္ဓ၏ကိုယ်ပွား ပရိဘောဂစေတီဗောဓိပင်ကို ရေစင်အေးအေးသွန်းလောင်းပေးသည့် ရှေးအစဉ်အလာမပျက် ဤနေ့ရောက်တိုင်း နိုင်ငံတစ်ဝန်းသွန်းလောင်းကြသည်။ အပူပြင်းဆုံးကဆုန်လတွင် ခြောက်သွေ့ညှိုးရော်နေသော အပင်မြတ်ကို ရေစင်ရေအေးသွန်းလောင်းပေးခြင်းသည် လျော်ကန်သင့်မြတ်သလို ထူးကဲသည့် ကုသိုလ်တစ်မျိုးဖြစ်သည်။ ရေစင်သွန်းလောင်းပေးသဖြင့် ဗောဓိပင်တော် အညွန့်တလူလူဝေသလို နိုင်ငံတော်လည်း အညွန့်တလူလူဝေရန် ရည်ညွှန်းလိုသည်။
ရှေးအခါက မြန်မာတို့သည် အစဉ်အလာအားဖြင့် ဤကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော် ဆင်နွှဲကြသည်။ မျက်မှောက်ကာလတွင်လည်း ရှေးအစဉ်အလာမပျက် ညောင်ရေသွန်းပွဲကို ဆင်နွှဲကြသည်။
ကဆုန်လကို မြတ်စွာဘုရားနှင့်စပ်လျဉ်း၍ ကျယ်ပြန့်စွာလေ့လာကြပြီးလျှင် “ဗုဒ္ဓနေ့” အဖြစ်နှင့်တွဲဖက်ကာ ဆင်နွှဲကျင်းပကြလျှင် ပို၍ထူးကဲမွန်မြတ်ပေမည်။ ဤတွင် မြတ်စွာဘုရားရှင်ဖြစ်တော်မူစအခါကာလက ရှေးဦးစွာ ကျူးရင့်တော်မူသော ပထမဗုဒ္ဓဝစနနှင့် နောက်ဆုံးမှာကြားသော ပစ္ဆိမဗုဒ္ဓဝစနမျှကိုပင် ပါဠိ-အနက်မှန်စွာ ရွတ်ဖတ်သရဇ္စျာယ်ပူဇော်ပြီး ထိုတရားစကားတော်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ပို၍အဓိပ္ပာယ်အနှစ်သာရ ရှိလိမ့်မည်ဖြစ်သည်။ သို့မှသာ ညောင်ရေသွန်းပွဲတော်၏ ကောင်းမြတ်သော ရည်ရွယ်ချက်လည်း ပေါ်လွင်လာမည်။
မျက်မှောက်ကာလ၌ ပကာသနအခမ်းအနားဟူသည်မှာလည်း စင်စစ်အားဖြင့်ရှိသင့်ပါသည်။ သို့မှသာ လူအများစိတ်တက်ကြွမှုကိုရစေပြီး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းရှိပေလိမ့်မည်။ သို့ရာတွင် အရေးကြီးဆုံးမှာ မြတ်ဗုဒ္ဓ၏ဖြစ်တော် စဉ် အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ပါဝင်ထူးမြတ်သည့် ကဆုန်လပြည့် ဤနေ့အခါ၌ “ဗုဒ္ဓနေ့”အဖြစ် စိတ်ဝယ်ရည်မှန်း၍ မြတ်စွာဘုရားရှင် မိန့်ကြားတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်၍ ဘဝသံသရာအနှောင်အဖွဲ့မှ လွတ်မြောက်ရေးကို ကြိုးပမ်းအားထုတ်သင့်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်
No comments:
Post a Comment