Saturday, May 20, 2023

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်တစ်စင်း ရန်ကုန်မြို့သို့ထပ်မံရောက်ရှိ

 


နေပြည်တော် မေ ၁၉

ရခိုင်ကမ်းရိုးတန်းဒေသသို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း ရှိ MITT တံတားသို့ ထပ်မံဆိုက်ရောက်လာခဲ့ပြီး အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial အား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ကယ်ဆယ်ရေးပစ္စည်းများ အမြန်ဆုံးရောက်ရှိစေရေး

ထို့နောက် အိန္ဒိယရေတပ်၏ စစ်ရေယာဉ် INS Gharial မှ ကူညီကယ်ဆယ်ရေး ပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများအား သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial ဖြင့် ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လာရောက်ပို့ဆောင်သော ရန်ကုန် မြို့တွင် ယမန်နေ့က ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ် ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့ သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment