ဦးကျော်ကျော် (တရားရေး)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၂၃)အရ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စတင်အာဏာတည်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးစီရင်ရန် သက်ဆိုင်ရတရားရုံးများသို့ မူပိုင်ခွင့်တရားရုံးများ၏ ရာဇဝတ်နှင့် တရားမဆိုင်ရာ မူလမှု စီရင်ပိုင်ခွင့်အာဏာများနှင့် အယူခံမှု၊ ပြင်ဆင်မှု စီရင်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၄-၃-၂၀၂၃ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာများထုတ်ပြန်၍ အပ်နှင်းခဲ့ပြီးဖြစ်သည်။
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဂ)နှင့် (င)တို့အရ ရန်ကုန်တိုင်းဒေသကြီး
တရားလွှတ်တော်အား (က) ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၆ အရ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ်
လျှောက်ထားမှုများ၊ (ခ) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၇၂ အရ အကောက်ခွန်ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် လျှောက်ထားမှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏
စီရင်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာစာအမှတ်
၂၃၅/၂၀၂၃ ဖြင့်လည်းကောင်း၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဂ)အရ (က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊
(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ (ဂ) ခရိုင်တရားရုံးများအား ယင်းဥပဒေအရ
အရေးယူ ဆောင်ရွက်သည့် ရာဇဝတ်မှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ ရာဇဝတ်မူလမှု
စီရင်ပိုင်ခွင့် အာဏာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာစာအမှတ်
၂၃၆/၂၀၂၃ ဖြင့်လည်းကောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဃ)အရ တိုင်းဒေသကြီးနှင့်
ပြည်နယ်တရားလွှတ်တော်များအား မိမိတို့စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးနှင့် ခရိုင်တရားရုံးများက ကုန်အမှတ်တံဆိပ်
မူပိုင်ခွင့်ဥပဒေအရ ချမှတ်ခဲ့သည့် ရာဇဝတ်ဆိုင်ရာ စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ်
အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏
အမိန့်ကြော်ငြာစာအမှတ် ၂၃၇/၂၀၂၃ ဖြင့်လည်းကောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပုဒ်မ
၆၇(ဂ) အရ ကျောက်တံတားခရိုင်တရားရုံးအား (က) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပါ မူပိုင်ခွင့်
အခွင့်အရေးချိုးဖောက်ခြင်းနှင့် စပ်လျဉ်းသည့် တရားမကြောင်းအရ စွဲဆိုမှုများ၊ (ခ) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ
၇၇(က)အရ ယာယီအရေးယူဆောင်ရွက်ပေးရန် လျှောက်ထားမှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်
တရားရုံး၏ တရားမမူလမှု စီရင်ပိုင်ခွင့် အာဏာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏
အမိန့်ကြော်ငြာစာအမှတ် ၂၃၈/၂၀၂၃ ဖြင့် လည်းကောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ
၆၇(ဃ) အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အား မူပိုင်ခွင့်တရားရုံးက တရားမမှုများတွင်
ချမှတ်သော စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို
စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာစာ
အမှတ် ၂၃၉/၂၀၂၃ ဖြင့်လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ကြော်ငြာစာများ
ထုတ်ပြန်၍ စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခဲ့ပြီး ဖြစ်သည်။
အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခံရသော
အခွင့်အရေးရရှိသူသည် ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံးအရဖြစ်စေ
သက်သာခွင့် တောင်းဆိုနိုင်သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၃၈(က)(၂)၊ ပုဒ်မ
၇၇(ခ)) အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ အမှတ်တံဆိပ်နှင့်စပ်လျဉ်းသည့်
ပြစ်မှုတစ်ရပ်ရပ်ကို ဤဥပဒေအရသာ အရေးယူရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ
၉၄(ခ))
ရာဇဝတ်ကြောင်းစွဲဆိုခြင်း
အမှတ်တံဆိပ်မူပိုင်ခွင့်
ထိပါးချိုးဖောက်ခံရမှုနှင့် စပ်လျဉ်း၍ အခွင့်အရေးရရှိသူသည် ရာဇဝတ်ကြောင်းအရ
(၁) အမှတ်တံဆိပ်အတုပြုလုပ်ခြင်း
(ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပုဒ်မ ၈၇(က)(၁))
(၂) အမှတ်တံဆိပ်အတုကို
ကုန်ပစ္စည်းတွင်အသုံးချခြင်း သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အသုံးချခြင်း
(ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၈၇(က)(၂))
(၃) အမှတ်တံဆိပ်အတုပြုလုပ်ရန်ဖြစ်စေ၊
အမှတ်တံဆိပ်အတုကို ကုန်ပစ္စည်းတွင် အသုံးချရန်ဖြစ်စေ အဓိကအသုံးပြုသော မည်သည့်ပစ္စည်း
သို့မဟုတ် ကိရိယာတန်ဆာပလာကိုမဆို လက်ဝယ်ထားခြင်း(ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ
၈၇(က)(၃))
(၄) အမှတ်တံဆိပ်အတုကိုအသုံးပြုထားသည့်
ကုန်ပစ္စည်းကို ရောင်းဝယ်ဖောက်ကားဖြန့်ဝေခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကား ဖြန့်ဝေရန်
လက်ဝယ်ထားခြင်း (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ ပုဒ်မ ၈၇(ခ)(၁))၊
(၅) အမှတ်တံဆိပ်အတုကို
အသုံးပြုထားသည့် ကုန်ပစ္စည်းအား နိုင်ငံတော်သို့တင်သွင်းခြင်း သို့မဟုတ် နိုင်ငံတော်မှတင်ပို့ခြင်း
(ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၈၇(ခ)(၂))
(၆) နိုင်ငံတော်မှ အဖွဲ့ဝင်ထားသော
အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များအရ အထူးအကာအကွယ်ပေးထားသော အလံ သို့မဟုတ် သင်္ကေတအမှတ်အသားကို
စီးပွားရေးအလို့ငှာ အသုံးပြုခြင်း(ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၈၉)
(၇) မှတ်ပုံတင်အမှတ်တံဆိပ်ကို
ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်း၊ ပုံသဏ္ဌာန်ဖျက်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း တစ်ခုခုပြုလုပ်ခြင်း
(ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၀)
(၈) အမှတ်တံဆိပ် မှတ်ပုံတင်လက်မှတ်ကို
မမှန်မကန် ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးစေခြင်း (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ
ပုဒ်မ ၉၁(က))
(၉) အမှတ်တံဆိပ် မှတ်ပုံတင်စာရင်းတွင်
မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန် ရေးသွင်းခြင်း သို့မဟုတ် ရေးသွင်းစေခြင်း (ကုန်အမှတ်တံဆိပ်
မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၁(ခ))
(၁၀) အများပြည်သူ၏ အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေ၊
ကိုယ်ကျင့်သိက္ခာကိုဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှုကိုဖြစ်စေ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုဖြစ်စေ၊
အမွန်အမြတ်ထားအပ်သော ယဉ်ကျေးမှုကိုဖြစ်စေ၊ တိုင်းရင်းသားများ၏ အမွန်အမြတ်ထားအပ်သော
ရိုးရာဓလေ့ကိုဖြစ်စေ ငြိစွန်းသဖြင့် မှတ်ပုံတင်အရာရှိက မှတ်ပုံတင်ရန် ငြင်းပယ်သည့်
သို့မဟုတ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်သည့် အမှတ်တံဆိပ်ကို အသုံးပြုခြင်း (ကုန်အမှတ်
တံဆိပ် မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၁(ဂ)) ဟူသည့် ပြစ်မှုများ စွဲဆိုနိုင်သည်။
အမှတ်တံဆိပ်မူပိုင်ခွင့် ထိပါးချိုးဖောက်ခံရမှုနှင့် စပ်လျဉ်း၍
အခွင့်အရေးရရှိသူသည် တရားမကြောင်းအရ သက်သာခွင့်များ
အမှတ်တံဆိပ် ချိုးဖောက်ခံရမှုနှင့်စပ်လျဉ်း၍ အခွင့်အရေးရရှိသူသည်
တရားမကြောင်းအရ (၁)အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ထားသည့်
ကုန်ပစ္စည်းများကို နိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို
တားဆီးခြင်း (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၈၁(က)(၁))၊ (၂)အမှတ် တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ
အခွင့်အရေး ထိပါးချိုးဖောက်မှုအတွက် တားဝရမ်းတောင်းဆိုခြင်း (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ
၈၁(က)(၁))၊ (၃)နစ်နာကြေးတောင်းဆိုခြင်း (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၈၁(က)(၂)(ကက))၊
(၄)အမှတ်တံဆိပ်ချိုးဖောက်သော ကုန်ပစ္စည်းများကို ကုန်သွယ်မှု လမ်းကြောင်းဈေးကွက်မှ
ဖယ်ရှားပေးရန် သို့မဟုတ် ဖျက်ဆီးပေးရန် တောင်းဆိုခြင်း (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်
ဥပဒေပုဒ်မ ၈၁(က)(၃))၊ (၅) အမှတ်တံဆိပ်ချိုးဖောက်သော ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်
အဓိကအသုံးပြုသော ပစ္စည်းကိရိယာတန်ဆာပလာများကို ကုန်သွယ်မှုလမ်းကြောင်းဈေးကွက်မှ ဖယ်ရှားပေးရန်
သို့မဟုတ် ဖျက်ဆီးပေးရန် တောင်းဆိုခြင်း (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၈၁(က)(၄))
စသည့် သက်သာခွင့်များကို တောင်းဆိုနိုင်သည်။
ထို့ပြင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးထိပါးချိုးဖောက်ခံရရန်
အလားအလာရှိပါက ယာယီအရေးယူဆောင်ရွက်ချက် (Provisional Measures) အဖြစ် (၁) အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ
အခွင့်အရေးထိပါးချိုးဖောက်ခြင်းကို ကာကွယ်တားဆီးရန် တောင်းဆိုခြင်း (ကုန်အမှတ်တံဆိပ်
မူပိုင်ခွင့်ဥပဒေပုဒ်မ ၇၉(က)(၁))၊ (၂)ယင်းသို့ ထိပါးချိုးဖောက်ထားသည့် ကုန်ပစ္စည်းများ
နိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို တားမြစ်ပေးရန် တောင်းဆိုခြင်း
(ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၇၉(က)(၁))၊ (၃)အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ
အခွင့်အရေး ထိပါးချိုးဖောက်မှုနှင့် သက်ဆိုင်သည့် သက်သေခံအထောက်အထားများကို မူလအခြေအနေမပျက်
ထိန်းသိမ်းထားရန် တောင်းဆိုခြင်း (ကုန်အမှတ် တံဆိပ်မူပိုင် ခွင့်ဥပဒေပုဒ်မ ၇၉(က)(၂))
တို့ကိုလည်း လျှောက်ထားနိုင်သည်။
တရားမမှုတွင် တရားပြိုင်သည် တရားလို၏ ကုန်အမှတ်တံဆိပ်သည် ပျက်ပြယ်ကြောင်း
ခုခံချေပနိုင်သော်လည်း ထိုကုန်အမှတ် တံဆိပ်မှတ်ပုံတင်ထားခြင်းသည် တရားမဝင်ကြောင်း ကြေညာပေးရန်
သို့မဟုတ် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးရန် မူပိုင်ခွင့်တရားရုံးသို့
တိုက်ရိုက်လျှောက်ထားခြင်း မပြုနိုင်ပေ။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အခန်း(၁၅)နှင့်
(၁၉)ပါ ပြဋ္ဌာန်းချက်များအရသာ ဆောင်ရွက်ရမည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားခြင်းသည်
တရားမဝင်ကြောင်း ကြေညာပေးရန် သို့မဟုတ် ပယ်ဖျက်ပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍
ဦးစွာမူပိုင်ခွင့်ဦးစီးဌာနတွင် စစ်ဆေးမှုပြုလုပ်ရန်လိုအပ်သည်။ ယင်းနောက် မှတ်ပုံတင်အရာရှိက
ဥပဒေပုဒ်မ ၅၀ အရ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်းကြေညာခြင်း သို့မဟုတ်
ဥပဒေပုဒ်မ ၅၁ အရ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ခြင်းပြုမည် မပြုမည်ကို ဆုံးဖြတ်ရမည်။
ယင်းဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက ဥပဒေပုဒ်မ ၆၅ အရ အေဂျင်စီထံသို့ အယူခံဝင်နိုင်သည်။
အေဂျင်စီ၏ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက ဥပဒေပုဒ်မ ၆၆ အရ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုပြုရန်
အာဏာအပ်နှင်းထားသည့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်။
ယာယီအရေးယူဆောင်ရွက်ချက်ဆိုသည်မှာ အမှုတစ်ခု၏ စီရင်ချက်ကို စောင့်ဆိုင်းနေလျှင်
အခွင့်အရေးရရှိသူ၏ သက်သာခွင့်ကို ကုစားပေးရန် အခက်အခဲဖြစ်သွားနိုင်သော အခြေအနေမျိုးတွင်
စီရင်ချက်မချမှတ်မီ ပေးအပ်သော ယာယီအရေးယူဆောင်ရွက်သည့် သက်သာခွင့်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ
၇၇ (က)တွင် ပြဋ္ဌာန်းထားသော ယာယီအရေးယူ ဆောင်ရွက်သည့် အမိန့်သည် TRIPS Agreement တွင်
အသုံးပြုလျက်ရှိသော ယာယီအရေးယူ ဆောင်ရွက်ချက်များ (Provisional Measures) ဖြစ်သည်။
တရားမကျင့်ထုံးဥပဒေနှင့် သီးခြားသက်သာခွင့် ဥပဒေများအရ ဆောင်ရွက်သော ယာယီတားဝရမ်းတို့သည်လည်း
ယာယီအရေးယူ ဆောင်ရွက်ချက်များပင် ဖြစ်သည်။ (TRIPS Agreement 50)
တရားမကျင့်ထုံးဥပဒေတွင် တရားမမူလမှုကို စွဲဆိုထားခြင်းမရှိပါက တရားလိုသည်
ယာယီ တားဝရမ်းလျှောက်ထားခြင်း မပြုနိုင်ပါ။ သို့သော် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ
၇၉(ဃ)နှင့် ပုဒ်မ ၈၀ ပါ ပြဋ္ဌာန်းချက်များအရမူ တရားမ မူလမှုစွဲဆိုခြင်း မပြုရသေးမီကပင်
လျှောက်ထားသူသည် ယာယီအရေးယူ ဆောင်ရွက်ပေးရန် လျှောက်ထားနိုင်သည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ တရားမ မူလမှုမစွဲဆိုမီ ယင်းသို့
ယာယီအရေးယူဆောင်ရွက် ချက် (Provisional Measure)ကို လျှောက်ထားနိုင်သော်လည်း အမှုကို
အပြီးအပြတ်ဆုံးဖြတ်နိုင်ရန် အတွက် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ကာလအတွင်း သို့မဟုတ်
ယင်းကဲ့သို့ သတ်မှတ်ခြင်း မရှိခဲ့လျှင် ယာယီအရေးယူဆောင်ရွက်ရန် အမိန့်ချမှတ်သည့်နေ့မှ
ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားသူသည် တရားမမူလစွဲဆိုခြင်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။
(ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၇၇၊ ပုဒ်မ ၇၉၊ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၉၄၊
အမိန့် ၃၉ နှင့် TRIPS Agreement 50)
ကုန်အမှတ်တံဆိပ် အလားတူ ဖြစ်မဖြစ် စစ်ဆေး ဆုံးဖြတ်ခြင်း
မူပိုင်ခွင့်တရားရုံးသည် (က)အမှတ်တံဆိပ် ပိုင်ရှင်မဟုတ်သော အခြားသူတစ်ဦးက
ယင်း အမှတ်တံဆိပ်ပိုင်ရှင်၏ သဘောတူခွင့်ပြုချက်မပါဘဲ ပုဒ်မ ၃၈ ပါ အခွင့်အရေးတစ်ရပ်ရပ်ကို
နိုင်ငံတော်တွင် ကျင့်သုံးဆောင်ရွက်ပါက ဤ ဥပဒေအရ အကာအကွယ်ပေးထားသော အမှတ် တံဆိပ်ကို
ချိုးဖောက်သည်ဟု မှတ်ယူရမည်။ (ခ) ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်းများ သို့မဟုတ်
ဝန်ဆောင်မှုများအတွက် ထပ်တူ သို့မဟုတ် အလားတူ မှတ်ပုံတင်မထားသည့် ကျော်ကြားသော အမှတ်တံဆိပ်
သင်္ကေတတစ်ခုအား ခွင့်ပြုချက်မရဘဲ အသုံးပြုခြင်းသည် အများ ပြည်သူကို ထင်ယောင်ထင်မှား
ဖြစ်စေနိုင်သည်ဟု မှတ်ယူရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ ပုဒ်မ ၇၈)
သို့ဖြစ်ရာ မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို
ထိပါးချိုးဖောက် ခြင်းခံရပါက အခွင့်အရေးရရှိသူအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆောင်ရွက်နိုင်စေရန် စုစည်းကောက်နုတ် တင်ပြအပ်ပါသည်။ ။
No comments:
Post a Comment