ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရဘဲကျေးရွာတွင် ခမည်းတော် ဦးဘိုးသစ်+မယ်တော် ဒေါ်အေးသိုက်တို့မှ ၁၂၉၁-ခုနှစ်၊ တော်သလင်းလဆန်း (၁၄)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၀၄ ခုနှစ်၊ ဝါဆိုလဆန်း(၈)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆင်မင်းကျေးရွာ၊ ဆင်မင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁၀)ရက်၊ တနင်္လာနေ့တွင် တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၊ ရဘဲကျောင်းတိုက် ဗဒ္ဓသိမ်၌ ကံမြဲကံဦးကျောင်းဆရာတော် ဘဒ္ဒန္တ သောဘိတ (ဦးပွား) ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ မြင့်မြတ် သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် တောင်သာမြို့နယ်၊ ကံမြဲကျေးရွာ၊ ကံဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတ၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တမေဓိယ၊ ဘဒ္ဒန္တဥက္ကံသ၊ ဘဒ္ဒန္တအရိယ စသည့်ဆရာတော်များထံမှ ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး ၁၃၁၅ ခုနှစ်တွင် “ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ ဝဋံသကာ၊ BA (မန်းတက္ကသိုလ်)၊ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့” ၁၃၁၈ ခုနှစ် တွင် “ပါဠိသိရောမဏိ”ဘွဲ့၊ ၁၃၇၈ ခုနှစ်တွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ ဆက်ကပ်သော ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt) ဘွဲ့၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဆက်ကပ်သော Doctor of Letters (D.Litt) ဘွဲ့၊ ၂၀၁၆ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၊ Sehan University မှ ဆက်ကပ်သော ဘာသာရေးအတွေးအခေါ် ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D)ပါရဂူဘွဲ့ တို့ကို ရရှိတော်မူခဲ့ပါသည်။
စာပေကျမ်းဂန်များ သင်ကြားပို့ချ ရေးသားပြုစုတော်မူခြင်း
ဆရာတော်သည် မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ ဘ/က ကျောင်း ဖွင့်လှစ်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့ကို အခမဲ့ ပညာသင်ကြားပေးခဲ့ခြင်း၊ မိုးမိတ်ကုန်းမြေ၊ တိပိဋက ကျောင်းတော်၌ (၅)နှစ်ကျော် စာပေပို့ချခဲ့ခြင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်တာဝန်ဖြင့် စာပေများသင်ကြားပို့ချခဲ့ခြင်း၊ တိပိဋက ပါဠိမြန်မာအဘိဓာန်ကျမ်းတို့ကို မန္တလေးမြို့၊ ဘုရားကြီး တိုက်တွင် အတွင်းရေးမှူးအဖြစ်ဖြင့် ပြီးစီးအောင် ရေးသားပြုစုခဲ့ခြင်း၊ သိမ်တောင်သာသနာဝင်ကျမ်း၊ (မြန်မာဘာသာ)၊ မောဂ္ဂလာန် သဒ္ဒါကျမ်းကြီးအဖွင့် ပယောဂသိဒ္ဓိနိဿယ ပ၊ ဒု နှစ်အုပ်၊ မဟာစည် ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာဖြင့် ပြန်ဆိုရေးသားခြင်း ပ၊ ဒု (၂)အုပ်၊ ထေရီအပဒါနဒီပနီ(ပါဠိဘာသာ)၊ ယမိုက်ပါဠိတော်(ဒု၊ တ) (အင်္ဂလိပ်ဘာသာပြန်)စသည့်ကျမ်းတို့ကို ရေးသားပြုစုတော်မူခဲ့ပါသည်။
သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင်(၆၆)ပါးအဖွဲ့၌ ပါဝင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း လှည့်လည်ဟောပြောပြီး သာသနာပြု တာဝန်များကို ထမ်းဆောင်ခဲ့ခြင်း၊ ပထမအကြိမ်မှ ဆဋ္ဌမအကြိမ် ၂၀၁၀ ပြည့်နှစ်၊ မတ်လအထိ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိအဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာ ပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယ ဆေကဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့် ပြည့်စုံတော် မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါ အရ ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊ (၂၅-၅-၂၀၂၃) ကြာသပတေးနေ့၊ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment