Friday, May 12, 2023

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများပြန်လည်ရောက်ရှိ


ရန်ကုန် မေ ၁၁

မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ ၁၆ ဦး၊ ရွှေတံဆိပ် လေးဆု၊ ငွေတံဆိပ် သုံးဆု၊ ကြေးတံဆိပ် ၁၇ ဆု ရရှိသည့် ဗိုဗီနမ်အားကစားအဖွဲ့၊ ရွှေတံဆိပ် လေးဆု၊ ငွေတံဆိပ် သုံးဆု၊ ကြေးတံဆိပ် တစ်ဆု ရရှိသည့် ခြင်းလုံး အားကစားအဖွဲ့၊ ရွှေတံဆိပ် တစ်ဆု၊ ငွေတံဆိပ် နှစ်ဆု၊ ကြေးတံဆိပ်ခြောက်ဆုရရှိသည့် ဗိုဗီနမ်(ဘိုကာတာ) အားကစားအဖွဲ့၊ ရွှေတံဆိပ် တစ်ဆုရရှိသည့် ပီတန်းအားကစားအဖွဲ့၊ ငွေတံဆိပ်တစ်ဆု၊ ကြေးတံဆိပ်တစ်ဆုရရှိသည့် ရိုးရာလက်ဝှေ့ အားကစားအဖွဲ့၊ ကြေးတံဆိပ်နှစ်ဆုရရှိသည့် စစ်တုရင်အားကစားအဖွဲ့၊ ပြေးခုန်ပစ်အားကစားအဖွဲ့၊ ဘော်လီဘော အမျိုးသားအသင်း၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ စုစုပေါင်း ၁၅၈ ဦးတို့ ပြန်လည်လိုက်ပါလာကြသည်။

ယနေ့ ပြန်လည်လိုက်ပါလာသော မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ ဗိုဗီနမ် အမျိုးသမီး နှစ်ယောက်တွဲအပြမှ ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင်၊ အမျိုးသားလေးယောက်တွဲ အပြမှ အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ ရာဇာထွန်း၊ အမျိုးသား နှစ်ယောက်တွဲအပြမှ မနားကွီးနှင့် တင်ထူးဇော်၊ အမျိုးသားဓားတစ်လက်အပြမှ အိုက်စိုးလင်း၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ၁+၂ အတွဲအတိုက်မှ ပိုင်ဇေယျာဖြိုး၊ အံ့ဖွယ်ငြိမ်း၊ နီလာစိုးဦး၊ ခြင်းလုံး အားကစားနည်း အမျိုးသမီး Same Stroke ပြိုင်ပွဲမှ အေးအေးသန့်၊ စုတွယ်တာ၊ မေဖြိုးစံ၊ သဲသဲ၊ တင်နီလာဝင်း၊ ယဉ်မင်းသွယ်၊ ခိုင်သဇင်ဖြိုး၊ ခိုင်ခိုင်၊ အမျိုးသား/အမျိုးသမီး Linking Event -3 မှ လဲ့ဝတီဇော်၊ အောင်မြင့်မြတ်၊ နှင်းဝတ်ရည်ဗိုလ်၊ အောင်နိုင်ဖြိုးဟန်၊ ရွှန်းလဲ့ဝေ၊ သော်ဝေဇင်၊ ငြိမ်းအိမွန်၊ စိုင်းဇော်ဇော်၊ အမျိုးသား Event -4 မှ လင်းသစ္စာအောင်၊ ခန့်ဝင်းဟိန်း၊ ဝေယံဖြိုး၊ ရဝေအောင်၊ ဇော်လင်းမောင်၊ ကောင်းမြတ်သီဟ၊ မင်းခန့်ဝင်း၊ ဓူဝံကျော်၊ အမျိုးသမီး Event -4 မှ အေးအေးသန့်၊ မေဖူးဟန်၊ သဲသဲ၊ ယဉ်မင်းသွယ်၊ စုတွယ်တာ၊ ခိုင်ခိုင်၊ တင်နီလာဝင်း၊ မှုံနံ့သာ၊ ပီတန်းအားကစား Women Single Shooting မှ ခင်ချယ်ရီသက်တို့ဖြစ်ကြသည်။

မြန်မာအားကစားအဖွဲ့သည် မေ ၁၁ ရက် နံနက် ပိုင်းအထိ ရွှေတံဆိပ် ၁၄ ဆု၊ ငွေတံဆိပ် ၁၃ ဆု၊ ကြေးတံဆိပ် ၃၇ ဆု စုစုပေါင်း ဆုတံဆိပ် ၆၄ ခု ရရှိနေပြီဖြစ်သည့်အတွက် ယခင်နှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရရှိသည့် ရွှေတံဆိပ်ကိုးဆု၊ ငွေတံဆိပ် ၁၈ ဆု၊ ကြေးတံဆိပ် ၃၅ ဆု စုစုပေါင်းဆုတံဆိပ် ၆၂ ခုထက် သာလွန်နေပြီဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိနေသည့် မြန်မာအားကစားအဖွဲ့များ ဆက်လက်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်၊၊

သတင်းစဉ်

No comments:

Post a Comment