Tuesday, May 9, 2023

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ထားသည့်အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ထားသည့် အစီအမံများ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြား ရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင် နီယာများနှင့် တည်ဆောက်ရေး ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာဒေသမှနေ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ကြိုတင်ဖြန့်ခွဲထားရှိရန်လို

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မကြာမီရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာကုန်းတွင်း ပိုင်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် သတိပေးချက်များရှိသည့်အတွက် ယခုအစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း မုန်တိုင်းတိုက်ခတ်မှုနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ ရုံး၊ ဌာနများ၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများတွင် တတ်နိုင်သမျှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် ဘေးအန္တရာယ်ကျရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် လုံလောက်သော အင်အားများကို ရုံးချုပ်မှဦးဆောင် သူများဦးဆောင်၍ ဖွဲ့စည်းထားရန်နှင့် ယာဉ်၊ ယန္တရား ပစ္စည်းများကို စီမံချက်ပါအတိုင်း ကြိုတင်ဖြန့် ခွဲထားရှိရန် လိုအပ်ပါကြောင်း။

ထို့ပြင် အရေးကြီးသောနေရာများဖြစ်သည့် ကွပ်ကဲမှုရုံး၊ ဆေးရုံ၊ အုပ်ချုပ်မှု အဆောက်အအုံဖြစ် သည့် ကယ်ဆယ်ရေးစခန်းနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေး အရန်မီးစက်များကို ကြိုတင်ဖြန့်ခွဲထားရှိရန် လိုအပ်ပါကြောင်း၊ သဘာဝဘေး ကျရောက်နေချိန်များတွင်လည်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ဓာတ်အား ဖွင့်/ပိတ်စနစ်များကိုလည်း စနစ်တကျထိန်းချုပ်ထားရန် လိုအပ်ပါကြောင်း၊ ဆက်သွယ်မှုစနစ်ပြတ်တောက် သွားမှုမရှိစေရန် အရေးပေါ်ဆက်သွယ်မှုစနစ်များကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ထားရှိသည့် အစီအမံများအတိုင်းကြိုတင် ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ တည်ဆောက်ဆဲ စီမံကိန်းများဖြစ်သော သံတွဲဒေသရှိ သူဌေးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းတွင် တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဖြစ်သော စီမံကိန်းဆိုင်ရာ အဆောက်အအုံများနှင့် တမံများကို သဘာဝဘေး ကြောင့် ထိခိုက်သက်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သွားရန်နှင့် ထုတ်လုပ်ဆဲဖြစ်သော ကျောက်ဖြူဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကိုကိုးကျွန်းနှင့် မာန်အောင်ကျွန်းရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ မင်းဘူးနှင့် စေတုတ္တရာဒေသရှိ ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ကိုလည်း ထိခိုက်ပျက်စီးမှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ဌာန၊ နယ်မြေဒေသအလိုက် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးတင်ပြခဲ့ကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment