Monday, May 29, 2023

နည်းပညာတက္ကသိုလ်(မကွေး) (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

 



မကွေး မေ ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ် (မကွေး)၏ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဘွဲ့နှင်းသဘင် အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ခေတ် ပညာရေးဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေ တာဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လူသားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရေးအတွက် ပညာရေးကို အားပေးဆောင်ရွက်နေသလို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန အနေဖြင့်လည်း နိုင်ငံတော်၏ လူမှုစီးပွားရေးကို  အထောက်အကူပြုရန်အတွက် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များ၊ အင်ဂျင်နီယာ အတတ်ပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိတာတွေ့ရပါကြောင်း၊ နည်းပညာတက္ကသိုလ် (မကွေး) ဟာဆိုရင် အရည်အသွေး အာမခံမှုစနစ် (Quality Management System)နဲ့အညီ ဆောင်ရွက်နေတဲ့ တက္ကသိုလ်တစ်ခုဖြစ်လို့ နိုင်ငံတကာ စံချိန်စံညွှန်း အသိအမှတ်ပြုလက်မှတ် ISO 9001:2015 ကိုလည်း ရရှိထားပြီး ဖြစ်သလို အင်ဂျင်နီယာအထူးပြု ဘာသာရပ်ဆိုင်ရာ အရည်အသွေးစိစစ် အသိအမှတ်ပြု ခံနိုင်ရန် ကြိုးပမ်းနေတဲ့ တက္ကသိုလ်တစ်ခုလည်း ဖြစ်တာကြောင့် သားတို့၊ သမီးတို့အနေနဲ့ ဂုဏ်ယူကြ စေလိုပါကြောင်း၊ သားတို့၊ သမီးတို့ လေ့လာသင်ယူခဲ့ကြတဲ့ အင်ဂျင်နီယာပညာရပ်တွေဟာ စာတွေ့ သာမက လက်တွေ့လုပ်ငန်းတွေကိုပါ ဆောင်ရွက်ကြရပြီး လုပ်ငန်းခွင် အလုပ်သင်ကိုပါ  ကွင်းဆင်း လေ့လာရတာတွေနဲ့ ဘွဲ့ယူကျမ်းကိုပါ ပြုစုကြရတာဖြစ်တဲ့ ရလဒ်အခြေပြု (Outcome Base Education) ကိုပါ လိုက်နာဆောင်ရွက်နေတဲ့ တက္ကသိုလ်က ရရှိတဲ့ ဘွဲ့ဖြစ်လို့ ဂုဏfယူဝမ်းမြောက်မိပါကြောင်း၊ ဘွဲ့ယူ သားတို့ သမီးတို့ အနေဖြင့် မိမိတို့ တတ်မြောက် ထားတဲ့ အင်ဂျင်နီယာပညာရပ်များနဲ့  တိုင်းပြည်ဖွံ့ဖြိုးရေး ကဏ္ဍများမှာ ကျရာနေရာ၊ ပေးအပ်ရာ တာဝန်များမှာ စွမ်းအားရှိသမျှ  ကြိုးစားပါဝင်ပေးနိုင်ကြတဲ့  အင်ဂျင်နီယာတွေ ဖြစ်ကြပါစေလို့ ဂုဏ်ယူစွာပြောကြားလိုကြောင်း စသည်ဖြင့် ဂုဏ်ပြုစကားပြောကြားသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး)ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်ဆန်း အမှူးပြု သော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များက ဘွဲ့အပ်နှင်းမည့် စင်မြင့်ထက်တွင် နေရာယူကာ လိုအပ်သည့် ကတိခံဝန်ချက်များရယူကာ နည်းပညာတက္ကသိုလ်(မကွေး)ဒုတိယ ပါမောက္ခချုပ်က တက်ရောက်ဘွဲယူသူ မြို့ပြအင်ဂျင်နီယာ(၂၁)ဦး၊ အီလက်ထရောနစ် အင်ဂျင်နီယာ(၁၂)ဦး၊ လျှပ်စစ် စွမ်းအားအင်ဂျင်နီယာ (၁၁) ဦး၊ စက်မှုအင်ဂျင်နီယာ (၁၇) ဦး၊ စုစုပေါင်း တက်ရောက် (၆၀) ဦးတို့အား ဘွဲ့အပ်နှင်းပေးအပ်ကာ၊ အဝေးရောက် မြို့ပြ အင်ဂျင်နီယာ(၄၆)ဦး၊ အီလက်ထရောနစ် အင်ဂျင်နီ ယာ(၁၈) ဦး၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (၃၀)ဦး၊ စက်မှုအင်ဂျင်နီယာ(၄၆)ဦး စုစုပေါင်း အဝေးရောက် (၁၄၀)ဦးတို့အား ဘွဲ့ရမှတ်ပုံတင် စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ဘွဲ့နှင်းသဘင် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ

 

No comments:

Post a Comment