Thursday, May 11, 2023

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ မုန်တိုင်းဘေးတုံ့ပြန်ရေးလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 


နေပြည်တော် မေ ၁၀

မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre-DMC)နှင့် တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)၊ တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆောင်ရွက်ရမည့်လုပ်ငန်းများချမှတ်

ရှေးဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ၁၁ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ မုန်တိုင်းငယ်အဆင့်မှ အားကောင်းသောမုန်တိုင်းငယ်အဖြစ် ရောက်ရှိနေပြီး မေ ၁၂ ရက် နံနက်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ မေ ၆ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး အရေးပေါ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ချမှတ်ခဲ့ပါကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)ကို မေ ၈ ရက် ညနေ ၃ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ စတင် ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းကော်မတီ ၁၂ ခုမှ ကိုယ်စားလှယ်များ (၂၄)နာရီ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ DMC တွင် နေ့စဉ် ညနေ ၃ နာရီ၌ အစည်းအဝေးပြုလုပ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆုံးဖြတ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကြောင်း၊ DMC နှင့် တိုင်းဒေသကြီး/ပြည်နယ်များ ဆက်သွယ်ရာတွင် သတင်းအချက်အလက်များ မြန်ဆန်စွာရရှိရေး အရေးကြီးပါကြောင်း၊ ပြည်ထောင်စုတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန ဖွင့်လှစ်ထားရှိသကဲ့သို့ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနများ ဖွင့်လှစ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနများ (၂၄)နာရီ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဆက်သွယ်မှုကွန်ရက်ထူထောင်ထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့် (၂၀၂၂)တို့ကိုလည်း ရည်ညွှန်းကိုးကားဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ရှင်းလင်းပြောကြား

ဆက်လက်၍ မေ ၆ ရက်ကပြုလုပ်သည့် အမျိုးသားကော်မတီအရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက် (၁၉)ချက်၊ DMC တွင် ပြုလုပ်သည့် မေ ၈ ရက် အစည်းအဝေးဆုံးဖြတ်ချက် (၁၅) ချက် နှင့် မေ ၉ ရက် အစည်းအဝေးဆုံးဖြတ်ချက် (၁၇)ချက်တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)အတွင်းရေးမှူး၊ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး စိုးမြင့်အောင်က DMC နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆက်သွယ်ဆောင်ရွက်မှု၊ သတင်းအချက်အလက်များ ကောက်ယူမည့်ပုံစံသတ်မှတ်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ကြိုတင်ဆောင်ရွက်ထား

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီအဖွဲ့ဝင် (၁) နှင့် တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးများက နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ရုံးများ ဖွင့်လှစ်ဆောင်ရွက်နေမှု၊ အရေးပေါ်အစည်းအဝေးများပြုလုပ်မှု၊ ရှာဖွေကယ်ဆယ်ရေးနှင့်လုံခြုံရေးအတွက် ကြိုတင်စီမံထားရှိမှု၊ အရေးပေါ်စားရေရိက္ခာများ ကြိုတင်စုစည်းထားရှိမှု၊ အရေးပေါ်ထပ်မံဝယ်ယူရန်လိုအပ်မည်ဆိုပါက ရရှိနိုင်ရေးဒေသရှိ ကုန်သည်ကြီးများနှင့် ကြိုတင်ချိတ်ဆက်ထားရှိမှု၊ အရေးပေါ်ခိုလှုံရန်နေရာများ ကြိုတင်ရွေးချယ်ထားရှိမှု၊ အရေးပေါ် ရွှေ့ပြောင်းရေးစီစဉ်ထားရှိမှု၊ ယာဉ်/စက်ယန္တရားများ၊ စက်သုံးဆီများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ မိမိတိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် မုန်တိုင်းဘေး မကျရောက်ခဲ့သော်လည်း လိုအပ်ပါက အခြားဘေးသင့်ဒေသများသို့ အင်အားဖြည့်ဆည်း ပူးပေါင်းပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဌာနဆိုင်ရာများအပြင် ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံထားရှိမှု၊ ပြန်လည် ထူထောင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment