Monday, May 8, 2023

ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

 

 ပွင့်ဖြူ မေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။




ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ မြို့မိမြို့ဖများက သဘာဝဘေးအန္တရာယ်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် ရှာဖွေကူညီကယ်ဆယ်ရေးပစ္စည်းကိရိယာများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ စားနပ်ရိက္ခာ ဆန်၊ ဆီ၊  ခေါက်ဆွဲခြောက်၊ ရေ၊ အစာ(အစို/အ‌ခြောက်)နှင့် အသင့်စား အစားအစာများ စုဆောင်း ပြင်ဆင်ထားရှိမှု၊ မီးသတ်ဦးစီးဌာန၏ မြဲ(၃)မြဲ၊ မြန်(၃)မြန်၊ သင့်(၄)သင့် ဟူသော ဆောင်ပုဒ်နှင့်အညီ အသင့်စုဖွဲ့ထားရှိသော ရှာဖွေကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦး၏ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်လေ့ကျင့်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ပြည်သူများ၏ အသက် အိုးအိမ်၊ စည်းစိမ် ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေး အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုန့်ပြန် ဖြေရှင်း ဆောင်ရွက်ရေး ဆွေးနွေးမှာကြားပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဒေသခံပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

No comments:

Post a Comment