Monday, May 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာစေတီတော်နှင့် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် မေ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၂၈ ရက်ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာစေတီတော်နှင့် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စူဠာမုနိ လောကချမ်းသာစေတီတော်သို့ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးညိုလုံးနှင့် အဖွဲ့ဝင်များ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဖူးမြော်ကြည်ညိုကာ ပန်း၊ သောက်တော်ရေချမ်း ကပ်လှူပူဇော်သည်။

ယင်းနောက် စေတီတော်လိုဏ်အတွင်း လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကာ စေတီတော်လိုဏ်အတွင်း အမိုးနှင့်နံရံတို့တွင် ရေယိုစိမ့်မှုများကြောင့် ဆေးကွာနေမှုများအား ပြန်လည်စစ်ဆေး၍ ပြုပြင်မွမ်းမံသွားရန်လိုကြောင်း၊ ပုဂံအာနန္ဒာဘုရား၏ မူရင်းပုံစံအနု လက်ရာများအတိုင်း အချိုးအစားကျနစွာဖြင့် တည်ထားကိုးကွယ်ထားသကဲ့သို့ အတွင်းလိုဏ် နံရံနှင့် အမိုးများတွင်လည်း မြန်မာမှုလက်ရာ ကနုတ်ပန်းများ၊ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားများနှင့်သက်ဆိုင်သည့် ဆေးရေးပန်းချီများကိုလည်း ရေးဆွဲနိုင်ရေး ဆရာတော်ဘုရားကြီးများထံ လျှောက်ထားဆောင်ရွက်သင့်ကြောင်း၊ ယင်းအနုသုခုမ လက်ရာများသည် နောင်နှစ်ကာလကြာမြင့်လာသည့်အချိန်တွင် ရှေးဟောင်းလက်ရာများ ဖြစ်လာမည်ဖြစ်သဖြင့် ရေရှည်တည်တံ့မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။ ၎င်းနောက် စူဠာမုနိ လောကချမ်းသာစေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပူဇော်သည်။

ထို့နောက် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကာ စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး မွမ်းမံထိန်းသိမ်းမှုများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အနောက်ဘက်မုခ်စောင်းတန်းရှိ စေတီတော်အတက်လမ်းကိုလည်း စနစ်တကျဖြစ်အောင်ပြန်လည်ဆောင်ရွက်သွားရန်လိုကြောင်း၊ စေတီတော်ကြီး အရှေ့ဘက်တွင် စိုက်ပျိုးပူဇော်ထားရှိသည့် ဗောဓိညောင်ပင်မှအမြစ်များသည် နောင်အချိန်တွင် ဘုရားရင်ပြင်တော်အား ထိခိုက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းဖြင့် တာဝန်ရှိသူများကို မှာကြားပြီး ဘုရားဖူးလာ မိဘပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ရောက်ရှိကြရာ ဂေါပကအဖွဲ့ အလုပ်အမှု ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား ပန်းရေချမ်းကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် စေတီတော်မြတ်ကြီးပေါ်ရှိ ရှုခင်းသာ view point မှတဆင့် တောင်ကြီးမြို့၏ အလှအပများကိုကြည့်ရှုကာ တောင်ကြီးမြို့ရှိ သဘာဝအရင်းအမြစ်များ မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment