Wednesday, May 10, 2023

လွိုင်ကော်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်များ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


လွိုင်ကော် မေ ၁၀

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေအခြေခံစားသောက်ကုန်များ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးတည်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ လတ်တလောစားဝတ်နေရေးအတွက် လိုအပ်သည့်အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကို ထပ်မံဖြည့်ဆည်း ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ဒေသအတွင်းပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ လူသားအရင်းအမြစ် ကောင်းများရရှိရေးအတွက် ပညာရေးကဏ္ဍများကို ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ပြည်သူများအနေဖြင့် မိမိတို့ဘဝရေရှည် ရပ်တည်နိုင်ရေးအတွက် မိမိတို့၏မူလလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းလာစေရေးအတွက် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းရမည်ဖြစ်ပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်လှမိုးက ပြည်နယ်အတွင်း ပြန်လည်နေရာချထားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ၊ ပဲနှင့် အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကိုပေးအပ်ရာ သက်ဆိုင်ရာယာယီခိုလှုံရာစခန်းအသီးသီးမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော ယာယီနေရပ်စွန့်ခွာပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးခဲ့မှုသည် ယနေ့ထိ ဆဋ္ဌမအကြိမ်ရှိခဲ့ပြီး ယနေ့အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် အခြေခံစားသောက်ကုန်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများရှိ ယာယီနေရပ်စွန့်ခွာပြည်သူ(၁၂၆၂၀)ဦးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများ အပါအဝင် စုစုပေါင်းထောက်ပံ့ငွေတန်ဖိုးမှာ ကျပ်သိန်းပေါင်း(၁၁၁၉)သိန်း(၉)သောင်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment