Tuesday, May 16, 2023

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သင်တန်းအမှတ်စဉ် (၁၃) နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မေ ၁၅

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၃)နှင့် အဆင့်မြင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီက အဆိုပါ သင်တန်းကျောင်း နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေး၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အရည်အသွေးမြင့်မားစေရန်

ဦးစွာပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီး၏ စီမံခန့်ခွဲ အုပ်ချုပ်မှုပိုင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာစေရန်၊ ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ်ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။

အဆင့်မြင့် အရာရှိကြီးများကို အဆင့်မြင့်သည့် တာဝန်များ ပေးအပ်နိုင်ရန်အတွက် လိုအပ်သော ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် ဘက်ပေါင်းစုံမှ တွေးခေါ်မြော်မြင်မှု၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်မှု၊ ညှိနှိုင်းပေါင်းစပ်တတ်မှု၊ ပြည်တွင်း၊ ပြည်ပ ပညာရပ်အတွေ့အကြုံ၊ သင်ခန်းစာနှင့် နမူနာများကို လေ့လာသုံးသပ်တတ်သော အလေ့အထများရရှိရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးက ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်တာဝန်ရှိသူများ၊ ပြင်ပ ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများနှင့် ပညာဌာနရှစ်ခုမှ ဆရာကြီး ဆရာမကြီးများက ဆွေးနွေးပို့ချသွားမည် ဖြစ်ပါကြောင်း။

ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန်အတွက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိမဖြစ်လိုအပ်သဖြင့် အဖွဲ့အစည်းအသီးသီးရှိ အဆင့်မြင့်အရာရှိကြီးများက သတင်းအချက်အလက်များ မျှဝေပေးရန်၊ အဂတိတရားကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်းဆုံး ဝန်ဆောင်မှုပေးရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှု၍အကောင်အထည်ဖော်ကြရန် တိုက်တွန်းမှာကြားသည်။

ရှစ်ပတ်ကြာမြင့်မည်

အဆိုပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၃)သို့ ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား ၁၄ ဦး၊ သင်တန်းသူခြောက်ဦး စုစုပေါင်း ၂၀နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၄)သို့ ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား ၂၂ ဦး၊ သင်တန်းသူ ၁၈ ဦး စုစုပေါင်း ၄၀တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၅ ရက်မှ ဇူလိုင် ၇ ရက်အထိ ရက်သတ္တ ရှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment