Monday, May 8, 2023

ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ရန်သွားရောက်သည့် AHA Centre မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ လိုက်ပါလာသည့်ယာဉ်တန်းအား အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်

နေပြည်တော် မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရန် တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ သွားရောက်သည့် မော်တော်ယာဉ်တန်းအား အကြမ်းဖက်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အာဆီယံတူညီဆန္ဒ(၅)ရပ်အနက် စတုတ္ထမြောက်အချက်ဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများပံ့ပိုးရေးအတွက် AHA Centre မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလျက် မေ ၇ ရက်နံနက်ပိုင်းတွင် တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ ထွက်ခွာလာခဲ့ရာ ဆီဆိုင်မြို့နယ်၊ နန့်အောရွာ၏ မြောက်ဘက်မီတာ ၂၀၀ ခန့်အကွာသို့ အရောက်၌ အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်အား နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် လုံခြုံရေးလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး၌ လက်နက်ငယ်ကျည်အချို့ ထိမှန်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အာဆီယံတူညီဆန္ဒ(၅)ရပ်အနက် စတုတ္ထမြောက်အချက်ဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများပံ့ပိုးရေးကိစ္စများတွင် အပြုသဘောဆောင်စွာဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စာနာမှုအကူအညီများ လိုအပ်သူများထံသူများထံ ဖြန့်ဖြူးနိုင်ရေးနှင့် လိုအပ်သူမည်သူတစ်ဦးမျှ မကျန်စေရေးမူကို လက်ကိုင်ပြုကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ဒေသခံပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိပံ့ပိုးနိုင်ရေးအပြင် လုံခြုံရေးနှင့် ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးတို့အတွက် တာဝန်သိပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးတို့တွင် တိုးတက်ကောင်းမွန်စေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်သမားများ၏ ယခုကဲ့သို့ ယုတ်မာသောလုပ်ဆောင်မှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေမည်ဖြစ်ပြီး ယာယီနေရပ်စွန့်ခွာနေသူများအတွက်လည်း အခက်အခဲများ ပိုမိုဖြစ်ပေါ်လာသဖြင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း တည်ငြိမ်ရေးတို့အတွက် အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation) ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူလူထုများအနေဖြင့်လည်း အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများနှင့် မသင်္ကာဖွယ်ရာများတွေ့ရှိပါက ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်လိုကြောင်းကို သက်ဆိုင်ရာမှ နှိုးဆော်ထားရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment