နေပြည်တော် ဧပြီ ၇
ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ PDF အမည်ခံအကြမ်းဖက်သမားများက လမ်း/တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင်ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားနည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ ဧပြီလ ၆ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်း မိုင်တိုင်အမှတ် ၅၀၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားရှိ တံတားအမှတ် ၃/၅၀၆ သံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အလျား ၉၀ ပေ၊ အကျယ် ၃၀ ပေခန့်ရှိ အဆိုပါ တံတား၏ ယာဘက်ခြမ်း အကျယ် ၁ ပေခွဲခန့်နှင့် တံတားကြမ်းခင်းအလယ် အရှည် ၂၀ ပေခန့်တို့တွင် ၂ လက်မ ခန့် နိမ့်ကျပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment