Friday, April 7, 2023

ပြည်သူတို့၏ဆန္ဒအမှန် (သို့မဟုတ်) Noleen Heyzer သို့ အိတ်ဖွင့်ပေးစာ

 


မင်းခန့်

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဆီကို အိတ်ဖွင့်ပေးစာရေးတယ်ဆိုလို့ ဘယ်သူများလည်းလို့ စိတ်ဝင်စားနေကြပါလိမ့် မယ်။

ကျွန်တော်က ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတဲ့သာမန်ပြည်သူ တစ်ယောက်သာ ဖြစ်ပါတယ်။ အထူး သဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ပျက်စီးရာပျက်စီးကြောင်း တစ်ဖက်သတ်စွပ်စွဲချက်တွေ၊ ဖိအားပေး မှုတွေကို လက်မခံနိုင်တဲ့ သာမန်ပြည်သူ တစ်ဦးဆိုရင်ပိုမှန်ပါလိမ့်မယ်။ သာမန်ပြည်သူတစ်ဦးအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စား လှယ်ဆီကို ဒီလိုအိတ်ဖွင့်စာပေးပို့ခြင်းကလည်း ဒီမိုကရေစီအခွင့်အရေးအရ မိမိရဲ့ထင်မြင်ယူဆချက်၊ ခံစားချက်တွေကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေသိရှိနိုင်အောင် ပေးပို့ရခြင်းဖြစ်ပါ တယ်။ ဒီစာကို သက်ဆိုင်သူထံရောက်အောင်နည်းမျိုးစုံနဲ့ ပေးပို့ထားပြီးဖြစ်သလို နိုင်ငံတကာနဲ့အများပြည်သူ သိရှိနိုင်အောင်အခုလို ဆောင်းပါးရေးသား ဖော်ပြရခြင်းဖြစ်ပါတယ်။

ဒီအိတ်ဖွင့်ပေးစာမှာ ရေးသားထားတဲ့ အချက်တွေကတော့ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က နိုလင်းဟေဇာအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တစ်ဖက်သတ် စွပ်စွဲပြောကြားချက်တွေကို တုံ့ပြန် အသိပေးထောက်ပြလိုရင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လိုတုံ့ပြန်ထားတယ်ဆိုတာ မသိပေမယ့် နိုလင်းဟေဇာရဲ့ပြောကြား ချက်တွေဟာတည်ဆဲအစိုးရကို ဆန့်ကျင်နေတဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်က အခြေအမြစ်မရှိတဲ့ သတင်းအတု၊ သတင်းအမှားတွေ၊ ဝါဒဖြန့်မှုတွေ၊ ပေးပို့ချက်တွေကို အခြေခံပြီး သံယောင်လိုက် ပြောဆိုထားခြင်းဖြစ်တာ ကြောင့် ယခုလို အိတ်ဖွင့်ပေးစာပေးပို့ ရခြင်းဖြစ်ပါတယ်။

နိုလင်းဟေဇာက မြန်မာနိုင်ငံမှာတပ်မတော်က အာဏာရယူလိုက်ခြင်း ကြောင့် အကြီးအကျယ် ပျက်စီးနေပြီလို့ဆိုပါတယ်။ နိုလင်းဟေဇာ သိသင့်တာက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ တပ်မတော်ကအာဏာထိန်းလိုက်လို့ ဖြစ်ပေါ်လာတာမဟုတ်ဘဲ NLD ပါတီမှ အကြမ်းဖက်မှုကိုလိုလားသော အစွန်းရောက်ပါတီဝင်အချို့နဲ့ ဖွဲ့စည်းထားတဲ့ NUG အမည်ခံ အကြမ်း ဖက်အဖွဲ့ရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်အရသူတို့လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်သာ ဖြစ် တယ်ဆိုတာကို အသိပေးလိုပါတယ်။

တကယ်တော့ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်း တွေသုံးပြီး ရယူလိုကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ပဋိပက္ခဟာ ရွေးကောက်ပွဲမသမာမှုနဲ့ နိုင်ငံရေး ပဋိပက္ခဖြစ်လို့ နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ယခုအခါမှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ စတင်ပေါက်ဖွားလာတဲ့ NLD အဖွဲ့ အတွင်းမှာတင် လက်နက်ကိုင်လမ်းစဉ် ကို မထောက်ခံတဲ့ အုပ်စုတွေရဲ့အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ပြည်ပြေး အကြမ်းဖက်အုပ်စု တွေက မြန်မာပြည်တွင်းက အကြမ်း ဖက်လမ်းစဉ်ကို မထောက်ခံတဲ့ NLD တွေကို ဖြုတ်/ ထုတ်/ သတ်လုပ်ဖို့ ကြိုးစားနေတဲ့ အချက်အလက်တွေ၊ အင်တာဗျူးတွေကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ တပ်မတော်က အာဏာထိန်းလို့လား။ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အစွန်း ရောက် အကြမ်းဖက်လမ်းစဉ်ကြောင့်လားဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင် နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း မှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မယ့် “Hit List” ထဲမှာပါနေလို့ နိုင်ငံတကာသံတမန်အသိုင်း အဝိုင်းကို အကူအညီတောင်းတဲ့ မြန်မာ နိုင်ငံငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သူတစ်ဦးရဲ့ စာကိုလည်း နိုလင်းဟေဇာ မသိလိုက်ဖူးလားလို့ မေးရမလိုရှိပါတယ်။ ဒီ “Hit List” မှာတပ်မတော်ကို ထောက်ပံ့ပေးနေတယ်လို့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေ နဲ့ ယူဆထားတဲ့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ အပြင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ပညာရှင်တွေပါ ပါဝင်နေကြောင်း၊ ပြည်သူ့ပါတီမှ ဦးကိုကိုကြီး၊ မွန်ညီညွတ် ရေးပါတီက ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးနဲ့ ပါတီဝင်တွေကိုလည်း အကြိမ်ပေါင်းများစွာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခံနေရကြောင်း၊ NUG နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ ၆၀ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲလုပ်နေတဲ့ အထောက်အထားဓာတ်ပုံကိုပါ တွဲဖက်ပြီးပေးပို့ ပါကြောင်း စသဖြင့်ဖော်ထုတ်ရေးသားထားပြီး နိုင်ငံတကာသံတမန်အသိုင်း အဝိုင်းကို အကူအညီတောင်းခံခဲ့တာကို တွေ့ရပါတယ်။ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ သူတို့ကို မထောက်ခံတဲ့ ပြည်သူတိုင်းကို ရန်သူလို့ သတ်မှတ်ပြီး အကြောင်းမဲ့ရန်ရှာ သတ်ဖြတ်နေကြတယ်ဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်။ သူတို့ရဲ့သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်များက အကောင်းဆုံးသက်သေအဖြစ် ရှိနေပါတယ်။

နောက်တစ်ချက်အနေနဲ့ နိုလင်းဟေဇာက မြန်မာ့တပ်မတော်ဟာ သူ့ရဲ့အာဏာကို ချုပ်ကိုင်နိုင်ဖို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ဆောင် ရွက်နေတယ်လို့ စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံမှာတပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံးဟာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို တရားဥပဒေနဲ့အညီ ကာကွယ် ပေးနေရတာသာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။ ခုအချိန်ထိ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး ကြေညာထားတာမဟုတ်ဘဲ PDF အမည်ခံ အကြမ်းဖက်အဖွဲ့နဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေ ထကြွသောင်းကျန်းတဲ့ မြို့နယ် ၄၇ မြို့နယ်ကိုသာ စစ်အုပ်ချုပ်ရေးကြေညာပြီး အကန့်အသတ်နဲ့ ဆောင်ရွက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။

NUG အမည်ခံ အကြမ်းဖက်အဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ စပြီး D-Day အမည်ခံပြီး အကြမ်းဖကလုပ်ရပ်များ အရှိန်မြှင့်တင်ဖို့လှုံ့ဆော်ခဲ့ကြတာ ကမ္ဘာသိ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များရဲ့ တိုက်ခိုက်မှုနဲ့ဒလန်လို့ စွပ်စွဲပြီး အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လက်နက်မရှိတဲ့အပြစ်မဲ့ပြည်သူ ၄၉၅၇ ဦး သေဆုံးခဲ့ပါတယ်။ ရဟန်း၊ သံဃာတော် အပါး ၇၀ နဲ့ သီလရှင်နှစ်ပါးပျံလွန်တော်မူခဲ့ရပြီး အစိုးရဝန်ထမ်း များ ၂၃၄ ဦး၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနဲ့ သက်ဆိုင်ရာဝန်ထမ်း ၆၁၇ ဦး သေဆုံးခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး၊ ဆရာ/ဆရာမများ အပါအဝင် ပညာရေးဝန်ထမ်း ၆၇ ဦး သေဆုံးခဲ့ရပြီး စာသင်ကျောင်းနဲ့ ပညာရေး အဆောက်အဦများအား ဗုံးခွဲမီးရှို့ ဖျက်ဆီးခံရမှုဖြစ်စဉ်ပေါင်း ၆၄၈ ခုရှိပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့နေရာများကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၅၄၅၂ ကြိမ် ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီအချက်အလက်တွေကို နိုင်ငံတကာသံရုံး/စစ်သံရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဆီကို အမြဲပေးပို့နေ ကြောင်း သိရလို့ ဒီအကြောင်းအရာတွေ ကို နိုလင်းဟေဇာ မသိတာမဖြစ်နိုင်ပါဘူး။ မသိချင်ဟန်ဆောင်တာပဲ ဖြစ်ပါလိမ့်မယ်။ အစိုးရဆန့်ကျင်ရေး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မြေပြင်သတင်း အချက်အလက်အမှန်တွေကို မီဒီယာအား၊ နည်းပညာအားနဲ့ နည်းလမ်းမျိုးစုံအသုံးပြုပြီး ပိတ်ဆို့ထားကြပေမယ့် လက်ရှိပကတိ ဖြစ်ပေါ်တိုးတက်နေတဲ့ မှန်ကန်တဲ့သတင်းတွေရနိုင်တဲ့ www.infosheet.org ကဲ့သို့သော သတင်း စာမျက်နှာတွေ ရှိပါတယ်။ မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ် ဘာသာစကား လေးမျိုးနဲ့ ဖတ်ရှုနိုင်တာ တွေ့ရပါတယ်။ အနောက်အုပ်စု လက်ဝေခံမီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စုရဲ့ ဝါဒဖြန့်သတင်း တွေမှာပဲ လမ်းဆုံးမနေဖို့ နိုလင်းဟေဇာ ကို တိုက်တွန်းလိုပါတယ်။ တာဝန် ကြီးကြီးမားမားယူထားသူ ပညာရှင်တစ်ယောက်အနေနဲ့ နှစ်ဖက်သတင်းကို မျှတစွာနားထောင်တတ်ဖို့ဆိုတာ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။

အထူးသဖြင့် မြေပြင်အခြေအနေကို မသိဘဲ အဆင်အခြင်မဲ့ပြောကြားချက်က ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ ပြည်သူ ၂၈ ဦးကို တပ်မတော်က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ တင်ပြချက်တစ်ခု ရရှိထားတယ်ဆိုသော ပြောကြားချက်ဖြစ်ပါတယ်။ ဒီလို အနောက်အုပ်စုမီဒီယာတွေကတပ်မတော်ရဲ့ ပုံရိပ်ထိခိုက်အောင် ပုံဖျက်ထားတဲ့ မဟုတ်မမှန်သတင်းဟာ ပအိုဝ်းပြည်သူတစ်ရပ်လုံးက KNDF/KNPP နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ သတ်တာပါလို့ ကွင်းလုံးပြည့် ဆန္ဒဖော်ထုတ်ပွဲကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပြီးပြီ ဖြစ်ပါတယ်။ ဒီလိုမဟုတ် မမှန်စွပ်စွဲချက်တစ်ခုကို နိုလင်းဟေဇာ ကကုလသမဂ္ဂအထွေထွေ ညီလာခံမှာကိုးကားသွားတော့ မြေပြင်အခြေအနေ မှန်တွေနဲ့ ဘယ်လောက်ကင်းကွာနေတဲ့ ပြောကြားချက်တွေ ဖြစ်တယ်ဆိုတာ အလွယ်တကူသိရှိနိုင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေနဲ့ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ဝါဒဖြန့်ချိရေးယန္တရားရဲ့ အသုံးချခံလက်ကိုင်တုတ်ဖြစ်နေတာ အလွန်ရှက်စရာကောင်း ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်များ ပါမချန် အစုလိုက်အပြုံလိုက် လူသတ်နေကြတာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အထိ NUG ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေ ကျူးလွန်ထားတဲ့ မိသားစုဝင် ဦးရေ သုံးဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသော ဖြစ်စဉ်ပေါင်း ၇၆ ခု ရှိပြီး၊ အပြစ်မဲ့ပြည်သူပေါင်း ၃၄၅ ဦး သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ အချို့အသတ်ခံရသူများထဲမှာ အရွယ်မရောက်သေးသူ ကလေးငယ်များ ပါဝင်နေတာ တွေ့ရပါတယ်။ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေသတ်လို့ သေဆုံးခဲ့ရတဲ့ ကလေးသူငယ် အရေ အတွက် ၁၄၃ ဦး ရှိပြီဖြစ်ပြီး ဒဏ်ရာရရှိ ခဲ့တဲ့ အရေအတွက် ၃၉၂ ဦး ရှိပြီ ဖြစ်ပါတယ်။ စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးက ကလေး သူငယ်တွေဟာ အကြမ်းဖက်ခံရမှု ကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးက ဒုတိယ အများဆုံး ဖြစ်ပါတယ်။ သေဆုံးခဲ့ကြရတဲ့ ကလေးငယ်အများစုဟာ နိုင်ငံရေး အရောင်အသွေးမတူတဲ့အတွက် ဒလန်မိသားစုဆိုပြီး စွပ်စွဲသတ်ဖြတ်လို့၊ အကြမ်းဖက်သမားတွေထောင်ထားတဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ လက်နက်စမ်းသပ်ရင်း ကျေးရွာတွေထဲကို ရမ်းသန်းပစ်ခတ်လို့၊ ကျေးရွာမီးရှို့လို့၊ ဒရုန်းတွေမှာဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိပစ်ချလို့ သေဆုံးခဲ့ကြရတာ အများစုဖြစ်ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ အကြမ်းဖက်မှုဆောင်ရွက်ဖို့ အရွယ်မရောက်သေး တဲ့ ကလေးသူငယ်တွေကို ဓားစာခံအဖြစ်အသုံးချတဲ့အတွက် သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်များလည်း ပါဝင်နေပါတယ်။

ဒီဖြစ်စဉ်တွေအားလုံးဟာ တပ်မတော်က ဝါဒဖြန့်လုပ်ကြံရေးသားထားတဲ့ ဖြစ်စဉ်တွေ မဟုတ်ဘဲ CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ကျူးလွန်နေကြတယ်ဆိုတာ မြန်မာ ပြည်သူတွေအားလုံး သက်သေရှိပါတယ်။ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့ တွေကိုယ်တိုင်လည်း ဒီလိုအကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို သူတို့ရဲ့မဟာ အောင်မြင်မှုကြီးတွေအဖြစ်၊ တော်လှန်ရေးလှုပ်ရှားမှုအဖြစ် ထုတ်ဖော်ဂုဏ်ဆာ နေကြတဲ့ အထောက်အထားတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို မျက်ကွယ်ပြု၊ မသိချင်ယောင်ဆောင်နေပြီး အစိုးရဘက်ကတရားဥပဒေအရအရေးယူ ဆောင်ရွက်နေတာကို တစ်ဖက်သတ်ဖိအားပေးနေတာက နိုင်ငံရေး၊ သံတမန်ရေး ဘက်လိုက်မှုရှိနေတယ်ဆိုတာ သိသာလွန်းအားကြီးပါတယ်။ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို သွယ်ဝိုက်ပြီး အားပေးထောက်ခံရာလည်း ရောက်နေလို့ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့သာမန် ပြည်သူတွေဘယ်လိုမှလက်ခံလို့မရနိုင် ဘူးဆိုတာကို သိစေချင်ပါတယ်။

နိုလင်းဟေဇာက မြန်မာနိုင်ငံရဲ့ပြီးခဲ့တဲ့နိုင်ငံရေးပွင့်လင်းလာမှုကြောင့် အသီးအပွင့်ခံစားခဲ့ရတဲ့ လူငယ်အများစု ဟာ ယခုအခက်အခဲတွေနဲ့ အခြေအနေ တွေကို စိတ်ပျက်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်ဖို့အပြင် အခြားမရှိတော့ဘူးလို့ ခံစားနေရတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ NLD အစွန်းရောက်တွေနဲ့ NUG အမည်ခံအကြမ်းဖက်အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် အကြမ်းဖက်သမားဖြစ်သွားရတဲ့ PDF အမည်ခံအကြမ်းဖက်လူငယ်တွေ လက်တစ်ဆုပ် စာတောင်မပြည့်ပါဘူး။ မြန်မာနိုင်ငံ ရဲ့ အခြေအနေမှန်ကို နားလည် သဘောပေါက်ပြီး ငြိမ်းချမ်းစွာ ပညာသင်ကြားနေတဲ့ လူငယ်ထုကြီးက နိုလင်းဟေဇာရဲ့စကားကို ပြက်ရယ်ပြု နေကြပါတယ်။ လူငယ်သဘာဝ စွန့်စားလိုစိတ်ကို နိုင်ငံရေးမှိုင်းတိုက်ခံရပြီး လမ်းမှားလိုက် မိလို့တောထဲရောက်ပြီး ဘဝပျက်နေရတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့လူငယ် လေးတွေကိုယ်တိုင် ရင်ဖွင့်ပြောဆိုချက် တွေအရ NUG အမည်ခံအကြမ်းဖက်အဖွဲ့ ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့ပုံတွေကို နိုင်ငံတကာကလည်း ကြားသိကြမယ်လို့ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတချို့မှာ ပြည်သူတွေ ဒုက္ခရောက်နေကြတာက တပ်မတော်ကဖြတ်လေးဖြတ် ဆောင်ရွက် နေလို့ မဟုတ်ပါဘူး။ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ ရွာမီးရှို့၊ လူသတ်၊ ပြန်ပေးဆွဲနေကြလို့ ဒုက္ခရောက်နေရတာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်သလောက် အင်အားသုံးပြီးကာကွယ်ရုံမှတစ်ပါး အခြားမရှိဘူးဆိုတာ စဉ်းစားတတ် သူတိုင်း သိကြပါတယ်။ နိုလင်းဟေဇာက NUG အမည်ခံ အကြမ်းဖက်အဖွဲ့အနေနဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေကို လူသားမဆန်တဲ့ သတ်ဖြတ်မှုတွေမကျူးလွန်ကြဖို့ သတိပေးထားတယ်ဆိုပြီး နိုင်ငံရေး၊ သံတမန်ရေးအရ ကာကွယ်ပြောဆိုသွားတာကို တွေ့ရပါတယ်။ တကယ်တမ်းလက်တွေ့မှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့က အကြမ်း ဖက်မှုတွေကို ဦးဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် နိုလင်းဟေဇာရဲ့ဒီလို ပြောကြားချက်တွေက အကြမ်းဖက်သမားတွေကို အားပေးထောက်ခံရာ ရောက်နေပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ အကြမ်းဖက် လူသတ်နေတာ NUG အမည်ခံ အကြမ်း ဖက်အဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ ကျူးလွန်နေကြတယ်ဆိုတာကို သိသိကြီးနဲ့ဒီလို ကာကွယ်ပြောဆိုသွားတာဟာ အလွန်ပဲ ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် တစ်ဦးအနေနဲ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ထောက်ပံ့ကြေးပေးထားတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအလိုကျ ဘက်လိုက်ပြောဆိုနေတာတွေ၊ မဟုတ်မမှန် ကိုးကားချက်တွေက မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်နဲ့ကင်းကွာနေတယ်ဆိုတာကို တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ကိုယ်စား မခံမရပ်နိုင်ဖြစ်လွန်းလို့ တုံ့ပြန် ပြောကြားရခြင်းဖြစ်ပါတယ်။

အမိနိုင်ငံကို စွန့်ခွာထွက်ပြေးပြီးအဝေးကနေ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ဖျက်ဆီးနေသူတွေရဲ့ပြောဆိုလုပ်ကိုင် မှုတွေဟာ မြန်မာပြည်သူလူထုကို ကိုယ်စားမပြုပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်လည်းမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံဟာမည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေနိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့လူနေမှုဘဝတွေ မြင့်မားတိုးတက်မှာ ဖြစ်ပါတယ်။

ဒီနေ့မြန်မာနိုင်ငံရေးဖြစ်စဉ်တွေအရ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူအများစုက CRPH ၊ NUG ၊ PDF အမည်ခံအကြမ်ဖက်အဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ် ဖြတ်နေတာတွေကို ရွံရှာမုန်းတီးနေပြီဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝတွေကိုပိုင်ဆိုင်ရရှိဖို့ အကြမ်းဖက်လုပ်ရပ်တွေ လျော့နည်းပပျောက်စေချင်တာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကိုဖြည့်ဆည်း ပေးချင်တယ်ဆိုရင်နိုလင်းဟေဇာအပါ အဝင်နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်အောင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်နိုင်အောင် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။ တစ်ဖက်သတ်အပြစ်ဖို့ခြင်း၊ ဖိအားပေးခြင်းနဲ့တော့ လမ်းကြောင်းမှန်ပေါ်ရောက်လာ မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် အထက်ပါအကြောင်း အရာများဟာ မိမိနိုင်ငံနဲ့ လူမျိုးအကျိုး စီးပွားကို ပျက်စီးစေဖို့ ရည်ရွယ်ပြောဆို ချက်တွေကိုလက်မခံနိုင်တဲ့၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ မြန်မာနိုင်ငံအတွင်းကပြည်သူတွေရဲ့ဆန္ဒ အစစ်အမှန်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း နိုလင်းဟေဇာနဲ့တကွနိုင်ငံတကာကသိရှိအောင် ဒီအိတ်ဖွင့်ပေးစာကနေတစ်ဆင့် သတင်းစကားပါးလိုက်ရပါတယ်။

(ဤဆောင်းပါးသည် ဆောင်းပါး ရှင်၏ အာဘော်သာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။)

No comments:

Post a Comment