မောင်မုဒိတာ
ပြီးခဲ့သည့်မတ်လ
၈ ရက်နေ့ ညဘက် တီဗွီသတင်းတွင်ကြည့်လိုက်ရသည်။ နောက်တစ်နေ့ သတင်းစာတွင်လည်း စိတ်ဝင်တစားဖတ်မိသည်။
“အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများ၊
AHA Center တို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ
ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို သွားရောက်လေ့လာ” ဆိုသည့် သတင်းဖြစ်သည်။
ဦးဆောင်သူက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး
ဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများနှင့်
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ
သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံလူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေး
ညှိနှိုင်းမှုဗဟို ဌာန (AHA Center) မှ ကိုယ်စားလှယ်အဖွဲ့ဝင်များကို ဦးဆောင်ကာနေပြည်တော်မှစစ်တွေသို့
လေကြောင်း ခရီး၊ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်မှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ
ပြန်လည်ဝင်ရောက် လာပါကအဆင်သင့်ဖြစ်စေရေးအတွက် စီစဉ်ထားသည့် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့်
လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းတို့ကို ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာကာ
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အဆင့် ဆင့်နှင့် ပြန်လည်နေရာချထားမည့် လုပ်ငန်းစဉ်များကို
လက်တွေ့ကျကျ၊ မျက်ဝါးထင်ထင် လိုက်လံ ရှင်းလင်းပြသခြင်းဖြစ်သည်။ လိုက်ပါလာသူများ၏ သိရှိလိုသည်များကိုလည်း
စခန်းအသီးသီး၌ လက်ရှိ လုပ်ငန်းဆောင်ရွက်နေသည့် ဌာနအလိုက်တာဝန်ခံများက ဂုဏ်သိက္ခာရှိစွာ
ပြန်လာမည့်သူများအတွက် လက်ခံဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းချပြ
ဆွေးနွေးခဲ့ကြသည်ကို လည်း တွေ့ရသည်။
ပြန်လည်လက်ခံရေးစခန်းနှစ်ခု
ဖွင့်လှစ်ထားရှိ
မြန်မာနိုင်ငံအနေဖြင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရာတွင်
ရေလမ်းကြောင်းမှ ဝင်လာသူများအတွက် ငါးခူရ၊ ကုန်းလမ်းကြောင်းမှ ဝင်လာသူများအတွက် တောင်ပြိုလက်ဝဲ
စသည့်ပြန်လည်လက်ခံရေးစခန်းနှစ်ခု ဖွင့်လှစ်ထားရှိသည်မှာ နှစ်တော်တော်ကြာနေ ပြီဖြစ်သည်။
ထိုစခန်းနှစ်ခုတွင်ပြန်လည်လက်ခံပြီး သူများကိုလှဖိုးခေါင်စခန်း၌ ယာယီနေရာချထား ရန်လည်း
ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုမှတစ်ဆင့် ၎င်းတို့ယခင်က နေထိုင်ခဲ့သည့်နေရာ (သို့မဟုတ်)
တာဝန်ရှိသူများက စီစဉ်နေရာချထားပေးသည့်နေရာ တို့သို့ အသီးသီး ပြောင်းရွှေ့နေရာချထားပေးရန်လည်း
စီမံထားပြီးဖြစ်သည်။ စခန်းသုံးခုလုံးတွင် လည်း ပြန်လည်ဝင်ရောက်လာသူများအတွက် အသင့်နေထိုင်နိုင်ရန်
မိုးလုံလေလုံအဆောက်အအုံ၊ ရေ၊ မီး၊ မိလ္လာအပြည့်အစုံ၊ စားသောက်ရေးအတွက် ဆန်၊ ဆီ၊ ပဲ၊
ဆားအပါအဝင် စားသောက်ဖွယ်ရာများနှင့် ချက်ပြုတ်စားသောက်ရန် ထင်းအစားထိုး လောင်စာတောင့်မှအစ
အဆင်သင့်စီစဉ်ထားပြီးဖြစ်သည်။ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆေးပစ္စည်းအစုံအလင်နှင့်
ကျန်းမာရေး ဝန်ထမ်းများလည်း ရှိနှင့်ပြီးဖြစ်သည်။ ထိုအရာများ မှာ ယခုမှမဟုတ်၊ ၂၀၁၈
ခုနှစ် ပထမဆုံးအကြိမ် ပြန်လည်လက်ခံမည့်အချိန်ကတည်းက အပြည့်အစုံရှိပြီးဖြစ်သည်။ အဆောက်အအုံမှအစ
မကြာခဏဆိုသလို ပြုပြင်ပြင်ဆင်ဆောင်ရွက်နေရသော်လည်း ဝင်လာမည့်သူများက အကြောင်းအမျိုးမျိုး
ပြ၍ပြန်မလာကြ။ ယခုလည်း ယခင်လိုပင် အားလုံး အဆင်သင့်ရှိနေသည်။
နိုင်ငံတကာက
သိရှိနားလည်စေချင်
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ(၁)
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ နွေနေပူအောက်တွင်စိတ်ဝင် တစားလိုက်ပါကြည့်ရှုလေ့လာကြသည့်
သံရုံးအကြီး အကဲများ၊ သံတမန်များနှင့် AHA ကိုယ်စားလှယ်များ သည် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ
ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အား မြန်မာနိုင်ငံဘက်မှ လက်ရှိပကတိဆောင်ရွက်ထားရှိမှုများကိုမျက်မြင်
ကိုယ်တွေ့သိရှိနားလည်သွားမည်မှာ ဧကန်ဖြစ်သည်။ ၎င်းတို့၏ မျက်မြင်ကိုယ်တွေ့သိရှိမှု
အစီရင်ခံချက်များအရ ၎င်းတို့၏ နိုင်ငံအကြီးအကဲများကလည်း သိရှိနိုင်မည်။ ထိုမှတစ်ဆင့်နိုင်ငံတကာ
က သိရှိနားလည်စေချင်မိသည်။ ဤသည်က ကျွန်တော့်၏ဆန္ဒ။ သို့သော်လည်း ပြန်လည်လက်ခံ ရေးကိစ္စများနှင့်ပတ်သက်၍
မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များက ရပ်တန့်နေသယောင်၊ နှေးကွေးနေသယောင်၊ ဘာမျှမလုပ်သယောင်
ပြည်ပမီဒီယာတချို့နှင့် ပြည်ပနိုင်ငံတချို့။ ထို့အပြင် ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူတချို့က
ပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်ချက်အရှိ ပကတိအခြေအနေများကို မျက်ကွယ်ပြု၊ မျက်စိ
စုံမှိတ်ငြင်းနေသည်က ရှိနေသည်။ မြန်မာဘက်က ဘာမှမလုပ်ဘူးဆိုပြီး။ ထိုအဖြစ်ကိုလည်း အမှန်ထင်နေကြသူများကလည်း
ရှိနေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်းရခိုင်
ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး
ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
ဦးဆောင်သည့် ကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ
(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေး နှင့် နိုင်ငံသားစိစစ်ရေး
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးထိန်လင်းနှင့် တာဝန်ရှိသူများလည်း တောင်ပြိုလက်ဝဲ၊ ငါးခူရ၊ လှဖိုးခေါင်စခန်းများကို
လှည့်လည်သွားရောက်ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက်စီစဉ်
ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ
ကိုလည်း သက်ဆိုင်ရာစခန်းအလိုက် တာဝန်ခံများကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
အဆောက်အအုံ၊ ရေ၊ မီး၊ မိလ္လာ၊ စားသောက်ရေးမှ အစ စီစဉ်ဆောင်ရွက်ထားရှိမှုများကို အသေးစိတ်
ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းအဖွဲ့တွင် မိမိ ကိုယ်တိုင်ပါဝင်ခဲ့သည့်အတွက် ပြန်လည်ဝင်ရောက်
လာမည့်သူများအတွက် စီစဉ်ထားရှိမှုကလုံးဝဥဿုံ အားလုံးအဆင်သင့်ဖြစ်နေပြီဟု ပြောလိုသည်။
ရခိုင်ပြည်နယ်မှ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသွားသည့် အကြောင်းရင်းများ၊ အဖြစ်အပျက်များက
စိတ်ဝင်စားကြသူများဆိုပါက အလွတ်ပင်ရနေလောက်ပြီ။ ရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများ၊
ညှိနှိုင်းမှုများ၊ ချပြမှုများမီဒီယာ မျိုးစုံတွင်ဖော်ပြနေကြသည်။ နိုင်ငံပိုင်မီဒီယာများ
မှာမူလက်ရှိပကတိဖြစ်ရပ်မှန်များကို ရေးသား ဖော်ပြထုတ်လွှင့်နေကြသော်လည်း တချို့ကအမှန်လုပ်ရပ်ကို
ဥပေက္ခာပြု၍ နိုင်ငံရေးကစားကွက်အဖြစ် လုပ်ဇာတ်ခင်းအသွင်ပြောင်းသွတ်သွင်းကာ လိုရာကို
ပုံဖော်ဖိအားပေးနေကြသည်။ ဇာတ်နာအောင်ပေါ့။
နိုင်ငံရေးအမြတ်ထုတ်ရန်
ကြိုးစားနေကြ
ရခိုင်ပြည်နယ်အတွင်း
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များတွင် အာဆာအကြမ်းဖက်အဖွဲ့များက ရဲစခန်းနှင့် တပ်စခန်းများကို
အလုံးအရင်းဖြင့် စီမံ ချက်ချ ဝင်ရောက်တိုက်ခိုက်ရာမှ မအောင်မြင်ခဲ့သည့် အခါတွင်ဘင်္ဂါလီများကို
စည်းရုံး၊ မရလျှင် ခြိမ်းခြောက် ဖိအားပေး၊ အကျပ်ကိုင်၊ ရွာများကို မီးရှို့စသည့် လုပ်ရပ်များကြောင့်
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်သွား
ကြခြင်းဖြစ်သည်။ ပြည်ပနိုင်ငံတချို့နှင့် ပြည်ပမီဒီယာတချို့က ဖြစ်စဉ်အမှန်ကို ထိမ်ချန်ပြီး
လုပ်ဇာတ်များဖြင့်ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်ကာ လိုသလိုပုံဖော်၍ နိုင်ငံရေးအမြတ်ထုတ်ရန်
ကြိုးစားနေကြသည်။ ၎င်းတို့နှင့်အတူ ဘင်္ဂါလီအရေး တက်ကြွ လှုပ်ရှားသူများဟု ဆိုသူများကလည်းဘင်္ဂလားဒေ့ရှ်ရောက်
ဘင်္ဂါလီများအတွက်သာ အရေးဆိုနေကြပြီးအာဆာ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးမှု၊
ထိခိုက်နစ်နာမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုများ ကြုံတွေ့ရသည့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများနှင့် ဟိန္ဒူများ၏ အဖြစ်သနှစ်ကိုမူ မသိသလို လျစ်လျူရှုနေကြသည်။
မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို မြန်မာနိုင်ငံအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များအရ ပြန်လည်လက်ခံရန်အဆင်သင့် ရှိနေသည်ကတော့အမှန်။ သို့သော်လည်းပြန်လည် လက်ခံရာတွင် နှစ်နိုင်ငံသဘောတူညီချက်များအနက် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးမူ (၅) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးကိုက်ညီမှသာလျှင် မြန်မာဘက်က ပြန်လည်လက်ခံမည်ဆိုသည်ကိုမူ သိရှိထားရပေမည်။ အဆိုပါ ပြန်လည်လက်ခံ ရေးမူ (၅) ချက်မှာမူ (၁) မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည်။ (၂) မိမိဆန္ဒအလျောက် ပြန်လာမည့် သူဖြစ်ရမည်။ (၃) ကွဲကွာနေသော မိသားစုဝင်များ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံး၏ မှန်ကန် ကြောင်း ထောက်ခံချက်ပါရှိရမည်။ (၄)ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မွေးဖွားခဲ့သည့်ကလေးများဖြစ်ပါက မိဘ နှစ်ပါးလုံးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ ဖြစ်ရမည်။ (၅) နေရပ်စွန့်ခွာသူများက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ရောက်ရှိပြီးမွေးဖွားသည့်ကလေးများအတွက် မှန်ကန်ကြောင်း ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံး၏ ထောက်ခံချက်ပါရှိရမည်စသည့် စံသတ်မှတ်ချက် (၅) ချက်ပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့လာသည့် စာရင်းများကို ယင်းစံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ လက်ရှိ မြန်မာနိုင်ငံတွင်ရှိနေသည့် စာရင်းများနှင့် တိုက်ဆိုင်စိစစ်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ စာရင်းများဆိုရာတွင် ယင်းဒေသ၌ ယခင်ကတည်းက နှစ်စဉ်နှစ်တိုင်းဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နေရပ်စွန့်ခွာမှုမရှိမီကာလအထိ ဆောင်ရွက်ခဲ့သည့် ဆွဲတင်စစ်ဆိုသည့် လုပ်ငန်းစဉ် စာရင်းများဖြစ်သည်။
ဆွဲတင်စစ်စာရင်းဖြင့်
တိုက်ဆိုင်စစ်ဆေး
ဆွဲ၊ တင်၊ စစ်
ဆိုသည်မှာ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်ကြသည့်
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးတာဝန်ရှိသူများအနေဖြင့် ယင်းဒေသရှိ လူဦးရေနှင့်အချက်အလက်များကို
နှစ်စဉ်နှစ်တိုင်း ကောက်ယူမှတ်တမ်းတင်နိုင်ရေးအတွက် စာရင်း ကောက်ယူမည့်ဒေသကို မြေပုံရေးဆွဲခြင်း၊
အချက် အလက်မှတ်တမ်းတင်ခြင်းနှင့် စာရင်းကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းကို အတိုကောက်ခေါ်ယူခြင်း
ဖြစ်သည်။ (၃) မျိုးစာရင်းဟု ခေါ်ကြသည်လည်း ရှိသည်။ ယင်းကဲ့သို့ မြေပုံတွင်တင်ထားသည့်
အိမ်ခြေအလိုက် လူဦးရေအချက်အလက်များကို နှစ်တိုင်းကောက်ယူသည့်အတွက် တိကျမှန်ကန်သည့်အချက်အလက်များက
နှစ်တိုင်းရရှိသည်။ မိသားစုအလိုက် မှတ်တမ်းဓာတ်ပုံကိုလည်းရယူ မှတ်တမ်းတင်ကြသည်။ ဘင်္ဂလားဒေ့ရှ်မှ
ပေးပို့သည့်စာရင်းများကို ၎င်းတို့ရခိုင်ပြည်နယ်မှ နေရပ်မစွန့်ခွာမီ နောက်ဆုံးဆောင်ရွက်ခဲ့သည့်
ဆွဲတင်စစ်စာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးပြီး စံ(၅)ချက်နှင့်ကိုက်ညီမှသာ မြန်မာနိုင်ငံကလက်ခံမည်ဖြစ်သည့်အတွက်
စာရင်းဖြည့်သွင်းမှုအချက်အလက်များ ပြည့်စုံမှန်ကန် ရေးသည်အရေးကြီးလှသည်။
ရခိုင်ပြည်နယ်မှ
နေရပ်စွန့်ခွာသူများတွင် ဘင်္ဂါလီများအပြင် ဟိန္ဒူဘာသာဝင်များလည်း ပါဝင် သည်။ သံတမန်လမ်းကြောင်းမှတစ်ဆင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် နေရပ်စွန့်ခွာသူစာရင်း များကို လဝကရှိ ဆွဲ၊
တင်၊ စစ် မှတ်တမ်းများမှ စာရင်းများဖြင့် တိုက်ဆိုင်စိစစ်ရသည်။ ယင်းသို့ တိုက်ဆိုင်စိစစ်ရသည်က
လွယ်လွယ်ကူကူတော့ မဟုတ်၊ ပေးပို့လာသော အိမ်ထောင်စုအလိုက် စာရင်းအချက်အလက်များသည် သတ်မှတ်ပုံစံတွင်
ဖြည့်သွင်းပေးသည်ဆိုသော်လည်း နေရပ်စွန့်ခွာသူများကပြောကြားသည့် အသံထွက်အတိုင်း ရေးသွင်းသည့်အတွက်စိစစ်ရာ၌
အခက်အခဲများစွာရှိနေ သည်။ စိစစ်ရေးပုံစံတွင် ဖြည့်သွင်းသည့်အမည်၊ နေရပ်လိပ်စာ၊ မိသားစုအချက်အလက်များအား
မြန်မာနိုင်ငံရှိ အချက်အလက်၊ အိမ်ထောင်စုစာရင်းများနှင့် ကွဲလွဲမှုများရှိနေပြီး အတည်ပြုရန်
ခက်ခဲ လျက်ရှိသဖြင့် ပြန်လည်မေးမြန်း စုံစမ်းမှုများကြောင့် ကြန့်ကြာမှုများရှိနေသည်။
ယင်းကဲ့သို့ နှောင့်နှေး ကြန့်ကြာမှုအပေါ် လုပ်ငန်းအတိမ်အနက်ကိုမကြည့်ဘဲ မြန်မာဘက်က
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိသယောင် ပြစ်တင် ဝေဖန်နေသည့်
နိုင်ငံတချို့ကလည်း ရှိနေသည်။
ရခိုင်ပြည်နယ်တွင်
ဘင်္ဂါလီအများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေ များအတွင်း နှစ်စဉ်တစ်အိမ်တက်ဆင်းကောက်ယူခဲ့သည့်
ဆွဲ၊ တင်၊ စစ် စာရင်းများအရ ၂၀၁၆၊ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်များမဖြစ်ပွားမီ အိမ်ထောင်စု
ပေါင်း ရှစ်သောင်းကျော်၊ လူဦးရေအားဖြင့် ခုနစ်သိန်း ကျော်ရှိနေသည်။ အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း
၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကောက်ယူ ခဲ့သည့် ဆွဲ၊ တင်၊ စစ် စာရင်းများအရအိမ်ထောင်စု နှစ်သောင်းကျော်၊
လူဦးရေ နှစ်သိန်းခန့် ကျန်ရှိ နေခြင်းကြောင့် တစ်ဖက်နိုင်ငံသို့ အမှန်တကယ် ထွက်ခွာသွားသူစာရင်းမှာ
အိမ်ထောင်စု ၅၆၀၀၀ ခန့်၊ လူဦးရေငါးသိန်းလေးသောင်းခန့်သာဖြစ် ကြောင်း စိစစ်တွေ့ရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှပေးပို့လာသည့်စာရင်းမှာ မြန်မာနိုင်ငံဘက်က စိစစ်ထားသည်ထက်
လူဦးရေသုံးသိန်းခန့် ပိုမိုနေသည်။ ၎င်းတို့ကအိမ်ထောင်စု နှစ်သိန်းနီးပါး၊ လူဦးရေရှစ်သိန်းကျော်စာရင်းပေးပို့လာသည်။
မည်သည့်စာရင်းများ၊ မည်သည့်ကာလက ရှိနေသူများကို ထည့်သွင်းဖော်ပြထားသည်မသိ။ မိမိတို့
ကတော့ စံသတ်မှတ်ချက်(၅)ချက်နှင့်အညီ စိစစ်လက်ခံမည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်နည်းလမ်း
အရ အသီးသီးပေးပို့လာသည့်စာရင်းများကို မိမိတို့၌ ရှိနှင့်ပြီးဖြစ်သည့် ဆွဲ၊ တင်၊ စစ်
စာရင်းအချက်အလက် များအား နည်းပညာအသုံးပြု စိစစ်လျက်ရှိသည်။ ယင်းသို့စိစစ်ရာတွင် အိမ်ထောင်စု
၂၄၀၀၀ ကျော်၊ လူဦးရေတစ်သိန်းကျော်ကို စိစစ်ပြီးဖြစ်ရာ လက်ရှိ စိစစ်ပြီးအခြေအနေတွင်
မြန်မာနိုင်ငံ၌နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ ၅၇၀၀၀ ခန့်၊ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့ကြောင်း
အထောက်အထားမတွေ့ရှိသူ သုံးသောင်းခန့်ရှိပြီး တချို့မှာအကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများလည်း
စိစစ်တွေ့ရှိရသည်။ ယင်းစိစစ်တွေ့ရှိချက်စာရင်းများကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့
သံတမန်လမ်းကြောင်းက ပြန်လည်ပေးပို့ပြီးလည်းဖြစ်သည်။
နယ်စပ်သံတံတား၏
မြန်မာဘက်ကမ်း၌ အသင့်စောင့်ကြို
ရခိုင်ပြည်နယ်မှ
နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူပြီးသည့်နောက်ပိုင်း
အဆင်ပြေပြေလက်ခံနိုင်ရေး၊ ပြန်လည်နေရာချထားနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်ဇန်နဝါရီလမှစ၍
ပြန်လည်လက်ခံရေးစခန်း နှစ်ခု၊ ယာယီနေထိုင်ရေးစခန်းတစ်ခုကို အပူတပြင်း စီစဉ်ဆောင်ရွက်ခဲ့ပြီး
ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကိုလည်း ရုံးခန်းပစ္စည်းကိရိယာစုံလင်စွာဖြင့်
ချက်ချင်းစုဖွဲ့စေလွှတ်ကာ တာဝန်ချထားခဲ့ ကြသည်။ ယင်းနောက်နှစ်နိုင်ငံညှိနှိုင်းချက်အရ
ပြန်လည်လက်ခံရန် စိစစ်အတည်ပြုပြီးဖြစ်သူများကို ပထမဆုံး အကြိမ်ပြန်လည်လက်ခံရေးအတွက်
သတ်မှတ်ရက်ဖြစ်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ၁၅ ရက်နေ့ နံနက်ပိုင်းတွင်မြန်မာဘက်မှ ပြည်ထောင်စုဝန်ကြီးနှစ်ပါး
ဦးဆောင်ကာ တာဝန်ရှိသူများနှင့်အတူ တောင်ပြိုလက်ဝဲရှိ နှစ်နိုင်ငံနယ်စပ်သံတံတား၏ မြန်မာဘက်
ကမ်း၌ အသင့်စောင့်ကြိုနေကြသည်။ ယင်းနေ့မတိုင်မီရက်က အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ငါးခူရ၊
လှဖိုးခေါင်၊ တောင်ပြိုလက်ဝဲစခန်းသုံးခုစလုံး သို့ သွားရောက်၍ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက်
အစစအဆင်ပြေချောမွေ့စေရေး ဆောင်ရွက် ထားရှိမှုကိုလည်း ကြည့်ရှုစစ်ဆေးပြီးဖြစ်သည်။
နှစ်နိုင်ငံ နယ်စပ်သံတံတားထိပ်တွင်
အချိန်အတော်ကြာစောင့်ဆိုင်းနေသော်လည်း တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မည်သူတစ်ဦးတစ်ယောက်မျှ
လာရောက်ဆက်သွယ်ခြင်းမရှိသကဲ့သို့ မည်သည့် အကြောင်းပြန်ချက်မျှမရရှိဘဲ ပထမဆုံးအကြိမ်
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်က အထမမြောက်ခဲ့ ပါ။ မိမိကိုယ်တိုင်လည်း ယင်းသို့ကြိုလင့်စောင့်ဆိုင်းနေသည့်အဖွဲ့တွင်
ပါဝင်နေသည့်အတွက် ပြည်ထောင်စု ဝန်ကြီးတစ်ပါး ပြောကြားခဲ့သည့်စကားကို ကိုယ်တိုင် ကြားခဲ့ရသည်။
“ဘယ်တတ်နိုင်ပါ့မလဲ၊ တို့ကလက်ခံဖို့ အသင့်ဖြစ်ပေမယ့် သူတို့ဘက်ကမှ ပြန်မပို့တာ။” ပြန်လည်လက်ခံရေး
အထမမြောက်ဖြစ်ခဲ့သည့် အတွက်နှစ်နိုင်ငံ ပြန်လည်ညှိနှိုင်းခဲ့သော်လည်း တစ်ဖက်က အကြောင်းပြချက်အမျိုးမျိုးဖြင့်
ရုပ်လုံးမပေါ်ခဲ့။ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဩဂုတ် လ ၂၂ ရက်နေ့တွင်လည်း ပြန်လည်လက်ခံရေး
လုပ်ငန်းစတင်ရန် ညှိနှိုင်းခဲ့ကြပြန်သော်လည်း အခြေအနေမပေးပြန်။ နှစ်ကြိမ်တိုင်ကြိုးပမ်းမှုတွင်
မြန်မာဘက်က နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန်
အဆင်သင့်ဖြစ်ပြီးသား၊ နေရာချထားရန်လည်း ပြင်ဆင်ထားပြီးသားဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ချက်များကို
နိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့်ဖော်ပြခဲ့သော်လည်း ပြည်ပနိုင်ငံတချို့၊ ပြည်ပမီဒီယာတချို့မှာမူ
မြန်မာဘက်ကဆောင်ရွက်ချက်များကို လျစ်လျူရှုမြဲ၊ တလွဲဖော်ပြဆဲဖြစ်သည်။
Pilot
Project ဖြင့် ပြန်လည်လက်ခံရေး ဆောင်ရွက်
ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများပြန်လည်
လက်ခံရေးလုပ်ငန်းအပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်ကလုပ်ငန်းအဖွဲ့
ပေါင်းများစွာဖွဲ့စည်းကာ စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိသည်။ ယခုလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်
နှစ်နိုင်ငံညှိနှိုင်းချက်အရ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများအားပြန်လည် လက်ခံရန်စိစစ်ရာတွင်
တွေ့ကြုံရသည့် အခက်အခဲများကို နှစ်နိုင်ငံအောက်ခြေလုပ်ငန်းအဖွဲ့များ အကြား ဆွေးနွေးဖြေရှင်းရန်အတွက်
“ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးအတွက်စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ
အထူးအဖွဲ့ (Ad Hoc Task Force for Verification of the Displaced Persons from
Rakhine State)” ကို ဖွဲ့စည်းကာ ပြန်လည်လက်ခံရေးအတွက် စိစစ်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို
နှစ်နိုင်ငံ အထူးအဖွဲ့များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ယင်း ညှိနှိုင်းဆွေးနွေးမှုရလဒ်အရ
စိစစ်အတည်ပြုပြီးဖြစ် သည့် နေရပ်စွန့်ခွာသူ ၁၀၀၀ ကျော်ကို Pilot Project ဖြင့် ပြန်လည်လက်ခံရေးဆောင်ရွက်ရန်
အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။ ယင်းညှိနှိုင်းချက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့သည့်
အိမ်ထောင်စုစာရင်း အချက်အလက်များအနက် မြန်မာနိုင်ငံမှလက်ခံရန် စိစစ်အတည်ပြုပြီးသူစာရင်းမှ
Pilot Project ဖြင့် ပြန်လည်လက်ခံမည့်စာရင်းကိုပေးပို့ခဲ့ရာ၌ ယင်းစာရင်းမှ နောက်ဆက်တွဲမိသားစုဝင်
စာရင်းကိုပါလက်ခံရန် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ပေးပို့ခဲ့သည်။ မြန်မာနိုင်ငံဘက်မှ
Pilot Project ဖြင့် ပြန်လည်လက်ခံမည့်လုပ်ငန်းစဉ် မြန်ဆန်ဖြစ်မြောက် အောင်မြင်ရေးအတွက်
နောက်ဆက်တွဲပေးပို့သည့် မိသားစုဝင်များအား မျက်မြင်ကိုယ်တွေ့ မေးမြန်းစိစစ်နိုင်ရေးအတွက်
မျက်မြင်စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စစ်ဆေးမည့် အဖွဲ့ဝင်များအား ပြီးခဲ့သည့် မတ်လ
၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့သို့ မောင်တောမှ တစ်ဆင့် စေလွှတ်ခဲ့သည်။
ယင်းမျက်မြင်စစ်ဆေးရေး အဖွဲ့က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် Pilot
Project ဖြင့် ပြန်လည်လက်ခံရန် အတည်ပြု ထားသူများ၏ မိသားစုဝင်များ ဟုတ်/မဟုတ် မျက်မြင်တွေ့ဆုံကာ
မေးမြန်းစိစစ်အတည်ပြု ဆောင်ရွက်ကြသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည်လည်း ရခိုင်ပြည်နယ်မှ
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံသဘောတူညီချက်များဖြင့်
ညှိနှိုင်းဆွေးနွေးမှုများအပေါ် မြန်မာနိုင်ငံကအလေးထားအကောင်အထည်ဖော် ဆောင်ရွက်နေမှုများပင်ဖြစ်သည်။
မကြာမီမျက်မြင် စစ်ဆေးရေးအဖွဲ့များ၏ မျက်မြင်ကိုယ်တွေ့မေးမြန်း စိစစ်ချက်များအရ ပြန်လည်လက်ခံရန်
အတည်ပြု သူများအား ယခင်ပြန်လည်လက်ခံရန်အတည်ပြုထားသည့်စာရင်းများနှင့် ပေါင်းစပ်ကာ Pilot
Project ဖြင့် ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတချို့နှင့် ပြည်ပမီဒီယာ
တချို့တို့၏ မျက်စိစုံမှိတ်ကာ အပြုသဘောမဆန်သည့် ဝေဖန်သုံးသပ်မှုများက တစ်ဖက်သတ်ဆန်လှသည်။
လက်ရှိပကတိလုပ်ရပ်အပေါ် ထောက်ရှုသုံးသပ်မှသာ မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုကို
သိရှိနားလည်မည် ဖြစ်သည်။ သူတို့ပြောနေသည့် လူသားချင်းစာနာ ထောက်ထားမှုများကို အလေးထားလျှင်ပေါ့။
အေးအေးချမ်းချမ်း
နေထိုင်လုပ်ကိုင် စားသောက်ခဲ့ကြ
ရခိုင်ပြည်နယ်မှ
နေရပ်စွန့်ခွာသူများသည် အကြမ်းဖက်ဖြစ်စဉ် မဖြစ်ပွားမီကာလများက ၎င်း တို့ဒေသတွင် အေးအေးချမ်းချမ်းနေထိုင်လုပ်ကိုင်
စားသောက်ခဲ့ကြသည်။ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာမတူညီကြသူများ၊ ဒေသခံတိုင်းရင်းသားများနှင့်
အတူတကွနေထိုင်လုပ်ကိုင်ကာ ရင်းနှီး ခင်မင်စွာနေထိုင်ခဲ့ကြသည်။ ဒေသအာဏာပိုင်များ ကလည်း
ဥပဒေနှင့်အညီစီမံအုပ်ချုပ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း ရှေးယခင်ကတည်းက နှစ်ရှည်လများနေထိုင်ကြသည့် ဘင်္ဂါလီလူမျိုးတချို့သည်ပင်
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စိစစ်ချက်အရမြန်မာနိုင်ငံသား ပင်ဖြစ်နေကြပြီဖြစ်သည်။
တချို့က နိုင်ငံသားပြုခွင့်ရသူများဖြစ်နေပြီ၊ တချို့မှာမူ အကြောင်းကြောင်း ကြောင့်
နိုင်ငံသားဖြစ်ရန်ဥပဒေနှင့်အညီစိစစ်ရပေ ဦးမည်။
ယင်းတို့အတွက်
နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးကာ ၁၉၈၂ ခုနှစ် ဥပဒေအရမျိုးရိုးစဉ်ဆက်
စိစစ်နေသူများလည်း ရှိသည်။ ပြန်လည်လက်ခံမည့်သူများအားလုံးကိုမူ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ
အချက်အလက်များ မေးမြန်းဖြည့်သွင်းပြီး နိုင်ငံသားဆိုင်ရာကတ် တစ်မျိုးမျိုးတင်ပြနိုင်သူ၊
ကတ်အမှတ်သိရှိသူများကို ပြန်လည်စိစစ်၍ နဂိုထုတ်ပေးသည့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးဆောင်ရွက်ပေးပြီး
NV Card ထုတ်ပေးထားသူများကိုမူ နောက်ပိုင်းတွင် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး
ဥပဒေနှင့်အညီ ဆက်လက်စိစစ်ဆောင်ရွက်ရန် စီစဉ်ထားပြီးလည်းဖြစ်သည်။
ဘယ်တုန်းကမျှမရှိဖူးသော
လူမျိုးတစ်မျိုးအမည်ကို ဖန်တီးပုံဖော်
မြန်မာနိုင်ငံသည်
နိုင်ငံ၏ပထဝီအနေအထား အရ နိုင်ငံတကာမျက်စိကျစရာ မဟာဗျူဟာ အချက်အချာကျသည့်နိုင်ငံဖြစ်နေသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဘက်ဘက်က အလေးထားသုံးသပ်ဆောင်ရွက်မှ
သာ တော်ကာကျမည်။ ဒို့တာဝန်အရေး (၃)သုံးပါးကို အပွန်းအပဲ့၊ အထိအခိုက်မခံနိုင်ပေ။ နိုင်ငံကြီး
တချို့က မြန်မာနိုင်ငံတွင် ရှေးယခင်အစဉ်အဆက် ဘယ်တုန်းကမျှ မရှိဖူးသော လူမျိုးတစ်မျိုးအမည်ကို
ဖန်တီးပုံဖော်ကြသည်။ အင်္ဂလိပ်လက်အောက် ကိုလိုနီဖြစ်စဉ်ကလည်း မြန်မာနိုင်ငံတွင်လူဦးရေသန်းခေါင်စာရင်းကောက်ခဲ့သည်။
ရှေးမြန်မာမင်း များလက်ထက် ၁၈၇၂ ခုနှစ်မှစ၍ လွတ်လပ်ရေးမရမီ အထိ ရှစ်ကြိမ်ကောက်ခဲ့သည်။
အဆိုပါလူမျိုးအမည် မတွေ့ရှိခဲ့။ လွတ်လပ်ရေးရပြီး ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်စသည်ဖြင့်
သုံးကြိမ်တိုင်လူဦးရေ သန်းခေါင်စာရင်းကောက်ခဲ့သည်။ ၎င်းတို့ ဖန်တီး ပုံဖော်သည့် လူမျိုးအမည်မတွေ့၊
အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာသည့် လူမျိုးအမည်ကိုအသိအမှတ်မပြု၊
လက်ခံစရာအကြောင်း မရှိကြောင်းကို နိုင်ငံတော်အကြီးအကဲများက ကမ္ဘာသိအတိအလင်းကြေညာပြီးဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မည်ကို မလိုလားဘဲ ၎င်းတို့ဩဇာခံဖြစ်ရေးကိုသာ
ရည်ရွယ်ချက်ရှိရှိကြိုးပမ်းနေသည့်နိုင်ငံကြီး တချို့နှင့် အပေါင်းအပါနိုင်ငံတချို့မှာမူ
ယင်းကဲ့သို့လုပ်ကြံဖန်တီးထားသည့်လူမျိုးအမည်ကို ထမင်းစားရေသောက် ထပ်တလဲလဲပုံဖော်နေကြသည်။
လူ့အခွင့်အရေးကို အကြောင်းပြကောင်းတုန်း၊ လူသားချင်းစာနာထောက်ထားမှုဆိုပြီး ထဲထဲဝင်ဝင်လက်ဝါးကြီးအုပ်
ခြယ်လှယ်ချင်တုန်းဖြစ်သည်။ ဤသို့ဆိုပါမူ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများအား
၎င်းတို့၏နိုင်ငံအသီးသီးသို့ ခေါ်ဆောင်သွား ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ
အလုံးအရင်းပေး၍ ၎င်းတို့ခေါ်ဆိုချင်သည့် လူမျိုးအမည်မှည့်ခေါ်ကာ ၎င်းတို့နိုင်ငံသားအဖြစ်
ကယ်တင် ထားလိုက်လျှင် ပိုကောင်းပေမည်။ ထိထိရောက်ရောက် ကူညီကယ်တင်ပေးရာရောက်မည်ဟု ထင်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်
ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်
နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်လက်ခံရေးမူ (၅)ချက်နှင့်အညီစိစစ်ကာ တစ်ဆင့်ပြီးတစ်ဆင့်
ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့်လည်း ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက်နှစ်နိုင်ငံ
ညှိနှိုင်းကာအကောင်းဆုံးအဖြေရှာ၊ အဆင်ပြေစွာ ဆောင်ရွက်နေသကဲ့သို့ ရခိုင်ပြည်နယ်တစ်ခုလုံး
တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီကို နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဦးဆောင်ဖွဲ့စည်းကာ
ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ဤသည်ကို မသိကျိုးကျွန်ပြု
ပြည်ပမီဒီယာတချို့ကစွပ်စွဲပြစ်တင် ရေးသားဖော်ပြနေကြသည်က မီဒီယာကျင့်ဝတ်နှင့်မညီ၊ တစ်ဖက်သတ်ဆန်လှ
သည်။ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသူများ၏အရေးသည် နယ်နိမိတ်ချင်းထိစပ်
နေသည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံ၏ အရေးကိစ္စသာဖြစ်သည်။
အာဆာ၏အကျပ်ကိုင်ခြိမ်းခြောက်မှုများကြောင့်
မဝံ့မရဲဖြစ်နေ
မြန်မာနိုင်ငံဘက်ကမူ
ဂုဏ်သိက္ခာရှိစွာ ပြန်လာမည့်သူများအတွက် အစစအဆင်သင့် ဖြစ်နေပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က
စိတ်ရင်း အမှန်ဖြင့် အမှန်တကယ်ပြန်ပို့ပေးလိုသည့် စိတ်စေတနာရှိနေပါက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည်
အမြန်အကောင် အထည်ပေါ်လာမည်ဖြစ်သည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနေဖြင့်လည်း
နိုင်ငံတကာ၏ ထောက်ပံ့ကူညီမှုများဖြင့် ရပ်တည်ရှင်သန်နေကြပြီး ရေရှည်မဖြစ်နိုင်သည့်အတွက်
ပြန်လာချင်ကြကြောင်းကိုလည်း ကြားသိနေရသည်။ သို့သော် အာဆာ၏ အကျပ်ကိုင်ခြိမ်းခြောက်မှုများကြောင့်
မဝံ့မရဲဖြစ်နေသကဲ့သို့ သတင်းမှားများကြောင့်လည်း ပြန်လာရန်အတွက် စိုးရိမ်ပူပန်နေကြသည်။
၎င်းတို့၏စိတ်ခံစားချက်၊ စိုးရိမ်ပူပန်မှုများကို မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေးအတွက်
အသင့်ပြင်ဆင် ထားရှိမှု ပကတိအရှိတရား၊ အမှန်စကားများ အသိ ပေးရှင်းလင်းချပြခြင်းဖြင့်
ဖျောက်ဖျက်ပစ်ရန်လိုအပ်သည်။ ၎င်းတို့ပြန်လာနိုင်ရေးအတွက် လုံခြုံစိတ်ချ သောအစီအမံများ
ဆောင်ရွက်ပေးရန်လည်းလိုသည်။ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ မြန်မာနိုင်ငံသို့
ဂုဏ်သိက္ခာရှိစွာ အမှန်တကယ်ပြန်လာစေလိုလျှင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို
အသိအမှတ်ပြုပြီးနိုင်ငံကြီး တချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းများက အပြု သဘောဆောင်သည့်
လူသားချင်းစာနာထောက်ထား မှုအကူအညီများ ပေးကြရန်သာဖြစ်သည်။ သို့သော်လည်း အပြုသဘောမဆောင်သော
သတင်းမှားများဖြန့်ဝေခြင်း၊ မမှန်မကန်လုပ်ကြံတိုက်တွန်းပြောဆို ခြင်းများကြောင့် ရခိုင်ပြည်နယ်မှ
နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေးလုပ်ငန်း အတွက် ကမ်းသောလက်တွေ
ညောင်းလှပါပြီ။ ။
No comments:
Post a Comment