Wednesday, April 19, 2023

အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ

 




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade 9)ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း တွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။



၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အဆိုပါ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် အထက်တန်းဆင့်သင်ယူနေစဉ် ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိ လာမည် ဖြစ်ပါသည်။


(အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။)

သို့ဖြစ်ပါ၍ အခြေခံပညာအလယ်တန်းဆင့်(Grade 9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်စေရန် (၁) အခြေခံပညာ အထက်တန်းဆင့် (၂) စက်မှုနည်းပညာ (၃) စိုက်ပျိုးရေးအတတ်ပညာ (၄) မွေးမြူရေးအတတ်ပညာ စသည့်ပညာရေးလမ်းသွယ်လေးမျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းများကို သတင်းကောင်းပါးအပ် ပါသည်။

(၁) အခြေခံပညာအထက်တန်းဆင့်

ပုံမှန်ဖွင့်လှစ်လျက်ရှိသော အခြေခံပညာအထက်တန်းကျောင်း များတွင် အခြေခံပညာအထက်တန်းဆင့်(Grade 10, Grade 11, Grade 12)ပညာသင်ကာလ သုံးနှစ် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် ၎င်းတို့သင်ယူသော ဘာသာတွဲများအလိုက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီပါက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် ဆေးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်အစရှိသည့် တက္ကသိုလ်များ၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များ၊ ဒီဂရီကောလိပ် များ၊ ကောလိပ်များနှင့် သိပ္ပံများသို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။

(၂) စက်မှုနည်းပညာ

စက်မှုနည်းပညာလမ်းကြောင်းတွင် အခြေခံပညာအထက်တန်း ဆင့် ဘာသာရပ်များအပြင် အထူးပြုဘာသာရပ် သုံးမျိုးဖြစ်သည့် အဆောက်အဦနည်းပညာ (Building Technology)၊ လျှပ်စစ် နည်းပညာ (Electrical Technology)နှင့် စက်ပစ္စည်း အစိတ်အပိုင်း များ ထုတ်လုပ်ခြင်းနည်းပညာ(Machining Technology) ဘာသာရပ် များကို ပညာသင်ကာလ သုံးနှစ်တွင် စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည် ဖြစ်ပါသည်။

စက်မှုနည်းပညာလမ်းကြောင်းတွင် တက်ရောက်သည့် ကျောင်းသားများအတွက် ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်း များမှာ အထူးအောင်(Credit)ဖြင့် အောင်မြင်သူများသည် ပညာသင်နှစ်ခြောက်နှစ် တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့(BE) ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့် ပညာသင်နှစ် လေးနှစ် တက်ရောက်ရပြီး နည်းပညာဘွဲ့(B.Tech) ပေးအပ်သော အစိုးရ နည်းပညာကောလိပ်များသို့လည်းကောင်း၊ အဆင့်မီ(Qualified) ဖြင့် အောင်မြင်သူများသည် ပညာသင်နှစ် သုံးနှစ် တက်ရောက်ရပြီး အင်ဂျင်နီယာနည်းပညာ ဒီပလိုမာ(AGTI Diploma) ပေးအပ်သော အစိုးရစက်မှုလက်မှုသိပ္ပံများသို့လည်းကောင်း ဆက်လက်တက်ရောက် နိုင်မည်ဖြစ်ပါသည်။

အင်ဂျင်နီယာနည်းပညာ ဒီပလိုမာသင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာကောလိပ်၏ တတိယနှစ် (ပထမနှစ်ဝက်)သို့ လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ တတိယနှစ်(ပထမနှစ်ဝက်)သို့လည်းကောင်း စတင်တက်ရောက်နိုင် မည်ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်သူများအနေဖြင့် ပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများအသုံးပြု၍ လေ့ကျင့်သင်ကြားပေးထားသဖြင့် ပြင်ပလုပ်ငန်းခွင်များသို့ ဝင်ရောက်ရာတွင်လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း များစွာအထောက် အကူရရှိစေမည် ဖြစ်ပါသည်။

(၃) စိုက်ပျိုးရေးအတတ်ပညာ

စိုက်ပျိုးရေးအတတ်ပညာတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များအပြင် စိုက်ပျိုးရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို ပညာသင်ကာလသုံးနှစ်တွင် စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည် ဖြစ်ပါသည်။

အထူးအောင်(Credit)ဖြင့် အောင်မြင်သူများသည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) ငါးနှစ် သင်တန်းကို တက်ရောက်နိုင်ကြမည် ဖြစ်ပါသည်။ အဆင့်မီ(Qualified)ဖြင့် အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ စိုက်ပျိုးရေး ဒီပလိုမာလက်မှတ်(Diploma in Agriculture) သုံးနှစ် သင်တန်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံများ၏ အင်ဂျင်နီယာနည်းပညာဒီပလိုမာ (AGTI Diploma – Farm Machinery) သုံးနှစ် သင်တန်းသို့ တက်ရောက်နိုင်ကြမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ ငါးနှစ်သင်တန်း၏ တတိယနှစ်(ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။

အင်ဂျင်နီယာနည်းပညာဒီပလိုမာသင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာကောလိပ်၏ တတိယနှစ် (ပထမနှစ်ဝက်)သို့ လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ တတိယနှစ်(ပထမနှစ်ဝက်)သို့လည်းကောင်း စတင်တက်ရောက် နိုင်မည်ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်ပါက စိုက်ပျိုးရေးအတတ်ပညာ အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်သက်ဆိုင်သော အခန်းကဏ္ဍများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်ပါသည်။

(၄) မွေးမြူရေး အတတ်ပညာ

မွေးမြူရေးအတတ်ပညာတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များအပြင် မွေးမြူရေးအတတ်ပညာဆိုင်ရာဘာသာရပ်များကို ပညာသင်ကာလ သုံးနှစ်တွင် စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ပါသည်။

အထူးအောင်(Credit)ဖြင့် အောင်မြင်သူများသည် မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးပညာဘွဲ့ (Doctor of Veterinary Medicine) ခြောက်နှစ် သင်တန်းနှင့် မွေးမြူရေး ပညာဘွဲ့ (Bachelor of Animal Science) လေးနှစ် သင်တန်းများကို တက်ရောက်နိုင်ကြမည် ဖြစ်ပါသည်။

အဆင့်မီ(Qualitfied)ဖြင့် အောင်မြင်သူများသည် စိုက်ပျိုးရေး သိပ္ပံများ၏ မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) သုံးနှစ် သင်တန်းနှင့် ငါးလုပ်ငန်းသိပ္ပံ၏ ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ (Diploma in Fisheries and Aquaculture) သုံးနှစ် သင်တန်းသို့ တက်ရောက်နိုင်ကြမည် ဖြစ်ပါသည်။

မွေးမြူရေးဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင်မြင်သူသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် လေးနှစ်သင်တန်း၏ တတိယနှစ် (ပထမနှစ်ဝက်)သင်တန်းမှ စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။ ငါးလုပ်ငန်းသိပ္ပံဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်ပါက မွေးမြူရေးအတတ်ပညာ အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး မွေးမြူရေးနှင့်သက်ဆိုင်သော အခန်းကဏ္ဍများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်ပါသည်။

အလယ်တန်းဆင့်(Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို တွဲဖက်သင်ကြားမည့် အောက်ဖော်ပြပါ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

No comments:

Post a Comment