Friday, April 14, 2023

မဟာသင်္ကြန်(အကြိုနေ့)တွင် မန္တလေးမြို့ရှိ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေသဘင်ပွဲတော်နွှဲပျော်

 


မန္တလေး ဧပြီ ၁၃

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန် (အကြိုနေ့)တွင် မန္တလေးမြို့အတွင်းရှိ ဘုရား စေတီပုထိုးများတွင် ဘုရားဖူးလာ ပြည်သူများ၊ ရေကစားမဏ္ဍပ်များ တွင် ပျော်ရွှင်စွာ ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများနှင့် စတုဒိသာကျွေးမွေးသူများဖြင့် သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ 

နံနက်ပိုင်းမှစတင်၍မဟာ မုနိရုပ်ပွားတော်မြတ်ကြီး၊ အောင် တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင် ဘုရား၊ ဘုရားနီဘုရား၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား စသည့်ဘုရားတို့၌ ဘုရားဖူးလာ ပြည်သူများက တရားဘာဝနာ အားထုတ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှုတို့ဖြင့် သင်္ကြန်အကြိုနေ့ကို ကြိုဆိုကြသည်။ 

ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

ထို့ပြင် မန္တလေးကျုံးတောင်ဘက်နှင့် အရှေ့ဘက်ခြမ်းတို့ရှိ ဝန်ကြီးဌာနအလိုက် သင်္ကြန်မဏ္ဍပ်များ၊ ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်များကို နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တေးသံရှင်များနှင့် အနုပညာရှင်များက အတာသင်္ကြန် တေးသီချင်းများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနမျာနှင့် ယိမ်းအကအဖွဲ့များက ယိမ်းအကအလှများဖြင့်လည်းကောင်း ကပြဖျော်ဖြေကြရာ သင်္ကြန်ချစ်သူ ပြည်သူများပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲကြသည်။ 

ယခုနှစ် မြန်မာ့ရိုးရာ အတာ သင်္ကြန် ပွဲတော်ကာလအတွင်း မန္တလေးမြို့ရှိ ပြည်သူများ ပိုမိုပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက် ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်အတာ သင်္ကြန်နှင့်ကျုံးတောင်ဘက်ခြမ်းရှိ (၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ) လမ်းလျှောက်သင်္ကြန်တို့၌လည်း နိုင်ငံကျော်အဆိုတော်များနှင့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် အပန်းဖြေအနားယူနိုင်မည့် အစီအစဉ်ကောင်းများ ထည့်သွင်း၍ ကျင်းပလျက်ရှိရာ ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဆင်နွှဲကြသည်။ 

အလားတူ သင်္ကြန်ချစ်သူ မိသားစုများ၊ သူငယ်ချင်း၊ မိတ်ဆွေ များ စုပေါင်း၍ သင်္ကြန်ရေပက်ခံ ကားများ၊ ဆိုင်ကယ်များကို တပျော်တပါး ရေပက်ဖျန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်များအလိုက် လူငယ်များ၊ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းနှင့် တစ်နိုင်တစ်ပိုင် စုပေါင်း၍ စတုဒိသာကျွေးမွေး လှူဒါန်းကြသည့် မြင်ကွင်းများ သည်လည်း မြန်မာ့ရိုးရာအတာ သင်္ကြန်၏ အလှကို ပိုမိုပေါ်လွင်စေ ခဲ့သည်။ 

မန္တလေးဈေးချိုတော်နာရီစင် အနီးတွင်လည်း မန္တလေးမြို့ဂုဏ်ဆောင် မြို့မတူရိယာအသင်း နှင့်တွဲဖက်၍ ဈေးချိုသူရေကစားမဏ္ဍပ်ကို ဖွင့်လှစ်ထားပြီး သင်္ကြန် ၏ အနှစ် သာရကို ပေါ်လွင်စေမည့် သင်္ကြန်သီချင်းများဖြင့်သီဆို ဖျော်ဖြေကြသည့်အပြင် မန္တလေး မြို့ရှိ အထင်ကရနေရာများသို့ လည်း အနယ်နယ်အရပ်ရပ်မှ ပြည်သူများက လာရောက်အပန်း ဖြေအနားယူလျက်ရှိကြသည်။ 

ထိုသို့ မဟာသင်္ကြန်ကာလ အတွင်း ပြည်သူများ စိတ်လက်ချမ်းသာ အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်စေရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း အဖွဲ့များဖွဲ့စည်း၍ လိုအပ်သည်များ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 မောင်အေးချမ်း

 ဓာတ်ပုံ - Al(Mdy)

No comments:

Post a Comment