Wednesday, April 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအားလုံး ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ခေတ်နှင့်အညီပျော်ရွှင်စွာ ဆင်နွဲနိုင်စေရန်ရည်ရွယ်၍ နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်မြို့ တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဧရိယာသတ်မှတ်၍ စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်သည်။



ထို့ကြောင့် ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် စတင်ဖွင့်လှစ်မည့် နေပြည်တော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားအပါအဝင် ပြည်သူများပျော်ရွှင်စွာ ရေပက်ကစားနိုင်စေရန်အတွက် ဝန်ကြီးဌာနများအလိုက် သင်္ကြန်မဏ္ဍပ်များ၊ သင်္ကြန်ဇုန်များ သတ်မှတ်၍ ထူးခြားသော အစီအစဉ်ကောင်းများကိုလည်း စနစ်တကျနှင့် အဆင်သင့်ဖြစ်စေရေးအတွက် တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်လျက်ရှိကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နေပြည်တော်လမ်း လျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်နှင့် သင်္ကြန်ဇုန်များအလိုက် ဖျော်ဖြေရေးအစီအစဉ်များ စနစ်တကျရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့သည် ပွဲအခမ်းအနားတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်မုခ်ဦးအား စနစ်တကျဖဲကြိုးဖြတ် ဖွင့်လှစ်နိုင်ရန်နှင့် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအကအဖွဲ့များက သင်္ကြန်မိုးသီချင်းဖြင့် သံပြိုင်ညီညာကပြဖျော်ဖြေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် လမ်းလျှောက်သင်္ကြန် ဧရိယာအတွင်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များ၊ တိုင်းရင်းသားရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌ ဝန်ကြီးဌာနအလိုက် ယိမ်းအဖွဲ့များက ယိမ်းအလှအကများ၊ တေးသံရှင်များက သင်္ကြန်တေးသီချင်းများ၊ မြိုင်မြိုင်ဆိုင်ဆိုင် အပြန်အလှန်ရေပက်ကစားမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက် သင်္ကြန်ဇုန်လေးဇုန်ဖြစ်သည့် သနပ်ခါး သင်္ကြန်ဇုန်၌ ပြည်သူများ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်၍ ရေပက်ကစားနိုင်ရန်ဆောင်ရွက်ထားရှိမှု၊ တိုင်းရင်းသား သင်္ကြန်ဇုန်၌ တိုင်းရင်းသားမောင်မယ်များနှင့်အတူ ပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲနိုင်ရန် ဆောင်ရွက်ထားမှု၊ အလှပြဖျော်ဖြေရေးဇုန်၌ ခေတ်မီဆန်းသစ်သည့် ဖျော်ဖြေရေးအစီအစဉ်များ၊ ခေတ်အလိုက် အလှပြယာဉ်များဖြင့် သင်္ကြန်ပွဲဆင်နွှဲခဲ့မှု သရုပ်ဖော်ပြကွက်နှင့် လူငယ်ဂိမ်းသင်္ကြန်ဇုန်ရှိ ခေတ်မီ Color Party ၊ Foam Party နှင့် Game Show အစီအစဉ်များ ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

No comments:

Post a Comment