Friday, April 7, 2023

ပြည်သူ့အကျိုးစီးပွားဖျက်ဆီးသည့် အကြမ်းဖက်သမားများကိုတိုက်ဖျက်

 


ပြည်သူများလူမှုစီးပွားဘဝတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီး သောကဏ္ဍဖြစ်သည်။ ပြည်သူများအနေဖြင့် လျှပ်စစ်စွမ်းအားဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နေကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့အောင် လိုအပ်နေသည့် လျှပ်စစ်စွမ်းအားများ အပြည့်အဝပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှုကို လျစ်လျူရှု၍ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ဒီမိုကရေစီ အရေး၊ ပြည်သူများအရေးဟု အမည်ခံသုံးနှုန်းပြီး ရဟန်းသံဃာများ၊ ဆရာဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်သမားများ၏ နိုင်ငံအတွင်း ဖျက်ဆီးမှုများတွင် ပြည်သူများ၏နေ့စဉ်လူမှုဘဝ၌ မဖြစ်မနေအသုံးပြုနေရသည့် လျှပ်စစ်ဓာတ်အားဆိုင်ရာတို့အား မကြာခဏဖျက်ဆီးနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။

အကြမ်းဖက်အဖျက်သမားများသည် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့်ဓာတ်အားခွဲရုံများကို ဖျက်ဆီးခဲ့သည်မှာ ၂၂၉ ကြိမ်ရှိပြီဖြစ်သည်။ မကြာသေးမီရက်ပိုင်းက မော်လမြိုင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ဖြန့်ဖြူးပေးလျက်ရှိသည့် သထုံ-မော်လမြိုင် ဓာတ်အားလိုင်းမှ တာဝါတိုင်နှစ်တိုင်ကို ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့ရာ ပြည်သူများနေ့စဉ်ဘဝတွင် အခက်အခဲများဖြစ်ပေါ်ခဲ့သည်။ ဧပြီလ ၄ ရက်နေ့ကလည်း ပဲခူး တိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သာယာကုန်းကျေးရွာရှိ ၂၃၀/၃၃/၁၁ ကေဗွီ ၁၆၀ အမ်ဗွီအေ သာယာကုန်းပင်မဓာတ်အားခွဲရုံအား ဒရုန်းဖြင့်ဗုံးများပစ်ချ တိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့သည်ကို စိတ်မကောင်းဖွယ် ကြားသိရသည်။

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားခွဲရုံအတွင်းရှိ ရဲနွယ်၊ ရွှေကျင်၊ ကွန်းကျောင်း ရေအားလျှပ်စစ်ဓာတ်အား‌ပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား (၅၅) မဂ္ဂါဝပ်ကို ဓာတ်အားလိုင်းများနှင့် ချိတ်ဆက်ဖြန့်ဖြူးပေးလျက်ရှိ သည့် ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံပစ္စည်းများ ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးခဲ့မှုကြောင့် နိုင်ငံတော်ဓာတ်အားစနစ်တစ်ခုလုံး ထိုနေ့ညတွင် ပြတ်တောက်ခဲ့ပြီး ရန်ကုန်မြို့အပါအဝင် မြို့နယ်အများအပြား၌ တစ်ညနှင့်တစ်မနက် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သဖြင့် ပြည်သူများအခက်အခဲ ဆင်းရဲအမျိုးမျိုးကြုံတွေ့ခဲ့ရသည်။ သက်ဆိုင်ရာက အချိန်မီပြန်လည်ပြုပြင်ပြီး နောက်တစ်နေ့တွင်လျှပ်စစ်ဓာတ်အားများကို ပြန်လည်ပေးဝေခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု နေ့စဉ်လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို အခက်အခဲအမျိုးမျိုးကြားမှ နည်းမျိုးစုံဖြင့် တိုးမြှင့် ထုတ်လွှတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စီမံဆောင်ရွက် ပေးနေသော်လည်း ယခုကာလများတွင် အကြမ်းဖက်အဖျက်သမားများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု အခြေအနေအပေါ်မူတည်၍ ပြည်သူများမျှတစွာခွဲဝေခံစားနိုင်အောင် စီမံဖြန့်ဖြူးပေးလျက် ရှိသည်။ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ပြည်သူများ အတွက် ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နေခြင်းသည် ဒီမိုကရေစီအမည်ခံပြီး ပြည်သူ့အကျိုးစီးပွားကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။

NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ ပြည်သူများအကျိုး စီးပွားကို ဖျက်ဆီးနေသည့် အကျိုးရလဒ်များကို ပြည်သူများကြုံတွေ့ခံစားနေကြရသည်။ ပြည်သူများ၏ ကျန်းမာရေး၊ ပညာ‌ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေးတို့ကို ဖျက်ဆီးနေခြင်းသည် အစိုးရတစ်ရပ်ကို ထိခိုက်ပျက်စီးစေမည်မဟုတ်ဘဲ ပြည်သူများသာ ထိခိုက်ပျက်စီးစေသည်ကို သတိချပ်သင့်သည်။ ဒီမိုကရေစီတော်လှန်ရေးမဟုတ်ဘဲ အကြမ်းဖက်အဖျက်လုပ်ရပ်သက်သက်သာ ဖြစ်သည်။ ပြည်သူတို့၏အကျိုးစီးပွားကို ဖျက်ဆီးခြင်းသည် ပြည်သူတို့၏ဘုံရန်သူပင်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားပေးရေးကဏ္ဍကို ဖျက်ဆီးခြင်းသည် အထူးသဖြင့် မြို့နေပြည်သူများအတွက် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း သဘောပေါက် ရန်လိုမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူတို့၏အကျိုးစီးပွားကို ဖျက်ဆီးနေသော ဒီမိုကရေစီအမည်ခံ အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ပြည်သူများမျက်ဝါးထင်ထင်လက်တွေ့ ကြုံတွေ့ခံစားနေရပြီဖြစ်၍ အကြမ်းဖက်အဖျက်သမားများအား ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချတိုက်ဖျက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    

No comments:

Post a Comment