Friday, April 7, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

 


နေပြည်တော် ဧပြီ ၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက် တက္ကသိုလ်ပေါင်းစုံမှ ပါမောက္ခချုပ်များနှင့်ပါမောက္ခများ၊ အားကစားအသင်းများ အလိုက်အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ကွန်ပြူတာတက္ကသိုလ် (အောက်မြန်မာပြည်) (က)အသင်းနှင့် နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) (က) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိအားပေး အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် ၇ မိနစ်တွင် နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) (က)အသင်းက အဖွင့်ဂိုးရရှိခဲ့သည်။ ယင်းနောက် နှစ်ဖက်အပြန်အလှန် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး နည်းပညာတက္ကသိုလ်(အထက်မြန်မာပြည်)(က)အသင်းက ကွန်ပျူတာတက္ကသိုလ် (အောက်မြန်မာပြည်) (က)အသင်းကို ကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြသည့် အားကစားသမားများကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ဦးဝင်းရှိန်၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ဒေါက်တာကျော်ထွန်းနှင့် ဒေါက်တာအောင်ကျော်မင်းတို့က လည်းကောင်း၊ စတုတ္ထဆုရရှိသည့် ကွန်ပျူတာတက္ကသိုလ်(အထက်မြန်မာပြည်) (ခ)အသင်းကို ကောင်စီဝင် ဒေါက်တာမှုထန်ကလည်းကောင်း၊ တတိယဆုရရှိသည့် နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်)(က) အသင်းကို ကောင်စီဝင်ဒေါ်ဒွဲဘူက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ကွန်ပျူတာတက္ကသိုလ်(အောက်မြန်မာပြည်) (က)အသင်းကိုကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပထမဆုရရှိသည့် နည်းပညာတက္ကသိုလ်(အထက်မြန်မာပြည်) (က) အသင်းကို ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုရရှိသည့် နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) (က) အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကိုပေးအပ်ချီးမြှင့်ကြပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ့လက်ရွေးစင် ထူးချွန်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို မတ် ၂၈ ရက်ကစတင်၍ အုပ်စု ၄ စု၊ အားကစားအသင်း ၁၄ သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment