Saturday, April 1, 2023

ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေး

 


ပုဂံ မတ် ၃၁

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Li Qun သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာပညာရှင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့်အတူ ယမန်နေ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သို့ရောက်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှပြုပြင်ထိန်းသိမ်းလျက်ရှိသော သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းမှုအပါအဝင် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သောအဖွဲ့နှင့် ညနေပိုင်းတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တရုတ်နိုင်ငံအစိုးရ အကူအညီဖြင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ သဗ္ဗညုဘုရား ပြုပြင်မွမ်းမံရေးစီမံကိန်း လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပခဲ့ ကြောင်းသဘောတူညီချက်အတိုင်းဆက်လက်၍ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းပေးမည်ကို သိရှိ ရသဖြင့်ကျေးဇူးတင်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုဒေသတစ်ခုလုံးအား အဆင့်မြင့်နည်းပညာဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းကွပ်ကဲသည့်စနစ် တပ်ဆင်မှုလိုအပ်သဖြင့် ကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အနော်ရထာနန်းတော်အား အဆင့်မြှင့်တင်ရေးနှင့် ခင်းကျင်းပြသရေးတို့အတွက် ဆက်လက်ကူညီဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကမြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကို ဆက်လက်ကူညီဆောင်ရွက်ပေးရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးကို နိုင်ငံတော်အဆင့်အဖြစ် မြှင့်တင်ဆောင်ရွက်နေပြီး လုပ်ငန်းကျွမ်းကျင်သော ရှီအမ်းပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဌာနကို တာဝန်ပေးထားကာ မိမိတို့ယဉ်ကျေးမှုနှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ကြီးကြပ်ပေးနေပါကြောင်း တရုတ်သမ္မတကြီး ရှီကျင့်ဖျင်က အာရှယဉ်ကျေး မှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးအတွက် မြှင့်တင်ဆောင်ရွက်ရန် အဆိုပြုထား၍ မြန်မာနိုင်ငံကိုလည်း ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ပါကြောင်း ဆက်လက်၍လည်း နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် မြှင့်တင်ရေးအတွက် ကူညီပူးပေါင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖွဲ့တို့နှင့်အတူ သဗ္ဗညုဘုရားအား တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် လျာထားချက်များကို ရှီအမ်းပြည်နယ် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေး၍ အမြန်ဆုံးလုပ်ငန်း စတင် ဆောင်ရွက်သွားရန်နှင့် အဆင့်မြင့်နည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းသွားရန် ဆွေးနွေး မှာကြားသည်။ ဆက်လက်၍ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား၊ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရားနှင့် ချူအင်လိုင်းတန်ဆောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။       

သတင်းစဉ်

No comments:

Post a Comment