Wednesday, April 12, 2023

မြန်မာ့ရိုးရာမဟာသင်္ကြန်ကို မြတ်နိုးတန်ဖိုးထား

 



မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်အခါကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မဟာသင်္ကြန်ကာလတွင် မြန်မာတို့ မြတ်နိုးတန်ဖိုးထားသော ယဉ်ကျေးမှုအစဉ်အလာ ပျော်ရွှင်ဖွယ်ရာ ရေသဘင်ပွဲဆင်နွှဲမှုများနှင့် ကောင်းမြတ်သော မင်္ဂလာအပေါင်းတို့ကို တစ်နိုင်ငံလုံး နှစ်စဉ်နှစ်တိုင်း လွှမ်းခြုံဆင်နွှဲကြသည်မှာ စိတ်ကြည်နူးဖွယ်ရာဖြစ်သည်။

နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါး ညစ်နွမ်းမှုများရှိပါက ဆေးကြောသန့်စင်သည့် အနေဖြင့် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ အတာရေသွန်းလောင်း ပက်ဖျန်းကြခြင်း၊ ဘုရား၊ ကျောင်းကန်များတွင် ကောင်းမှုကုသိုလ်များပြုလုပ်ကြခြင်း၊ သက်ကြီးဝါကြီး မိဘဘိုးဘွားတို့အား ပူဇော်သက္ကာယပြုခြင်း၊ ရဟန်းခံရှင်ပြု အလှူမင်္ဂလာပွဲများ ပြုလုပ်ကြခြင်းနှင့် တိရစ္ဆာန်များအား ဘေးမဲ့ပေးကာလွတ်မြောက် ချမ်းသာစေခြင်း စသည့်ကောင်းသောအမှုတို့ကို ပြုလုပ်ကြသဖြင့် ဤအတာ ကူးပြောင်းသည့် နှစ်သစ်အခါကာလသည် မြန်မာပြည်တစ်ဝန်း မင်္ဂလာအပေါင်းတို့ကို ဆောင်ကြဉ်းသည့်အချိန်ကာလဖြစ်သည်။

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်စွမ်းဆောင်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန် စသည့်ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။

ဤသို့ ကောင်းမြတ်သော အစဉ်အလာများနှင့်အညီ မြန်မာပြည်တစ်ဝန်းရှိ ပြည်သူများအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့စွာဖြင့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိနေသည်ကို မြန်မာအချင်းချင်းမနာလို မရှုဆိတ်ဖြစ်ခြင်း၊ ဣဿာမစ္ဆရိယစိတ်ထားခြင်းတို့မှာ မပြုလုပ်သင့် မပြုလုပ်ထိုက် သောအမှုများဖြစ်သည်။ သူတစ်ပါးပျော်ရွှင်ချမ်းမြေ့ကြ၊ ကောင်းသောအမှုများ ပြုလုပ်ကြသည်ကို ပျက်စီးအောင်ပြုလုပ်ခြင်းသည် ယုတ်မာပက်စက်သည့် အကြံ အစည်ဖြစ်သည့်အပြင် နောင်သံသရာတွင် ကြီးမားသောအပြစ်တို့ မလွဲမသွေခံကြရမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း သင်္ကြန်မဏ္ဍပ်များအား ယုတ်မာပက်စက် သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရန်ကြံစည်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများကို အချိန်မီတားဆီးနိုင်ခဲ့သည်။

မွန်မြတ်သောသင်္ကြန်၊ အစဉ်အလာကြီးမားသော သင်္ကြန်ကာလအတွင်း ပြည်သူများအနေဖြင့် အစစအရာရာ သတိမူဆင်ခြင်ကာ အစဉ်အလာမပျက် ပါဝင်ဆင်နွှဲခြင်း၊ ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ မြန်မာ့ရိုးရာအစဉ်အလာယဉ်ကျေးမှုကို ပျက်စီးအောင်ဖျက်ဆီးမည့်သူများအား ဝိုင်းဝန်းတားဆီးကာကွယ်ကြရမည် ဖြစ်သည်။ ယခုနှစ်မဟာသင်္ကြန်ကာလတွင် အဖျက်အန္တရာယ်ကို သတိပြုကြရမည် ဖြစ်သလို အပူဒဏ်အန္တရာယ်ကိုလည်း ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လိုအပ်ပေသည်။ သတိပြုဖွယ်ရာများကို အထူးသတိပြု၍ မြန်မာ့ရိုးရာအစဉ်အလာများကို မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

နွေရာသီသင်္ကြန်ကာလသည် အပူချိန်ပြင်းထန်သောကြောင့် ကျန်းမာရေးကို အထူးသတိပြုရမည်ဖြစ်သည်။ အပူရှိန်ကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်များ ဆုံးရှုံးမှုများလာပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့ ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်း အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းမွန်သောနေရာများတွင် နားနေရန်လိုအပ်ပါသည်။ ပူးပြင်းသောနေရောင်အောက်တွင် ပြင်းထန်စွာအလုပ် လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ အရက်သေစာ သောက်စားခြင်းသည် ကာလအရမသင့်လျော်သဖြင့် ရှောင်ကြဉ်သင့်ပါသည်။

သို့ဖြစ်ရာ မဟာသင်္ကြန်ကာလသည် မြန်မာတို့၏ မွန်မြတ်သည့် ယဉ်ကျေးမှုအစဉ်အလာဖြစ်သဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက်စေဘဲ အားလုံးပါဝင်ဆင်နွှဲနိုင်ရန်အတွက် သတိမူဆင်ခြင်အပ်သည်တို့ကို သတိမူခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ပျက်စီးအောင်ဖျက်ဆီးသူများကို ဝိုင်းဝန်းတိုက်ဖျက်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။   

No comments:

Post a Comment