Friday, April 21, 2023

အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်

မန္တလေး ဧပြီ ၂၀

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး) သို့ သွားရောက်၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုမှု ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်သမားဆေးရုံကြီး (မန္တလေး)ဆေးရုံ အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံ ရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန်မှာကြားပြီး ဆေးကုသဝန်ဆောင်မှုပေးနေသည်ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် မေ ၁ ရက်တွင်ကျရောက်မည့် အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး အောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာနမှ အရာထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အလုပ်အကိုင်ပြပွဲ၊ အလုပ်သမားရေးရာ Talk Show၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေး ပွဲများ၊ စုပေါင်းသွေးလှူဒါန်းပွဲများနှင့် ရွေ့လျားမော်တော်ယာဉ် ဖြင့် စက်ရုံ၊ အလုပ်ရုံအရောက် ကွင်းဆင်းဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေ ရေးအတွက် သက်ဆိုင်သူများ အားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့သည် အလွန်အရေးကြီး ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက် ကောင်းမွန်စေရန်အတွက် ရလဒ်ကောင်းများကိုရရှိမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားသည်။

ထို့နောက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်တိုင်းတာရေး ကိရိယာများ ခင်းကျင်းပြသထားမှုများကို ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။

ယင်းနောက် အခမ်းအနား ဒုတိယအစီအစဉ်အဖြစ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ၊ ASEAN-OSHNET ဆုရရှိသည့် စက်ရုံများမှ ကိုယ်စားလှယ်များက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ “လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းဖို့ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

သတင်းစဉ်

No comments:

Post a Comment