ကျွန်းသားငမန်း
ပိတောက်ဝါဝါ ငုဝါဝါတို့ သိန်သရေထိန်ဝေလို့တောက်ခဲ့ပြီ။ ငုနှင့်ပိတောက်တို့အလှချင်းဆိုင်၊ ဂုဏ်ချင်းပြိုင်နေကြပြီ။ သင်္ကြန်မိုးပြေးကလေးတစ်ဖြိုက် ရွာအပြီးတွင် ပိတောက်ပန်းတို့ အစွမ်းကုန်ပွင့်လန်းကာ ပင်လုံးကျွတ်ထိန်ဝေနေသည်မှာ ရွှေစင်ရွှေမှုန်တို့ကပ်ငြိနေသည်သို့ ထင်မှတ်ရသည်။ ပိတောက်ပင်၏ အောက်ခြေမြေတလင်း၌ ပြန့်ကြဲနေသည့် ပိတောက်ပန်းကြွေတို့မှာလည်း နင်းရက်စရာမရှိ။ ရွှေစင်ရွှေစက်တို့အား ပက်ဖျန်းကြဲပက်ထားသည့် အလား။ ပိတောက်ပန်း၏ ရနံ့ကလည်း စူးရှမွှေးမြနေသည်။ အဝေးအသံချဲ့စက်မှ သင်္ကြန်တေးသံက လွင့်ပျံလာသည်။ တီးလုံးတီးကွက်က မြိုင်မြိုင်ဆိုင်ဆိုင်။ ဗီစီဒီခွေဖြင့် ဖွင့်ထားသည့် တေးသံဖြစ်လိမ့်မည် ထင်သည်။ ကြားနေရသောသင်္ကြန်သံချပ်သံနှင့်အတူ ဖြတ်သန်းခဲ့ရသော ငယ်ဘဝကို တမ်းတဖြစ်မိပြန်သည်။
သင်္ကြန်တဲ့။ သင်္ကန္တ -ကူးပြောင်းခြင်း၊ ရွှေ့ပြောင်းခြင်းဆိုသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ သက္ကတဘာသာအားဖြင့်မူ သကန္ဒြ။ မြန်မာအလိုအားဖြင့်မူ သင်္ကြန်ဖြစ်သည်။ နှစ်ဟောင်းကို ချန်ရစ်ပြီး နှစ်သစ်သို့ ကူးပြောင်းသောကာလဖြစ်သည်။ ဗုဒ္ဓဘာသာဝင်မြန်မာများတို့မှာ နှစ်ဟောင်း ကိုနှုတ်ဆက် နှစ်သစ်ကိုကြိုဆိုသော သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်သည့် သဘောဖြင့် တစ်ဦးနှင့်တစ်ဦး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ရေစင်ပက်ဖျန်း သွန်းလောင်းခြင်းဖြင့်သင်္ကြန်ပွဲကို ဆင်နွှဲလေ့ရှိတတ်ကြသည်။ ရေဆိုသည်က အေးမြခြင်း၊ အညစ်အကြေးများကို သန့်စင်ဆေးကြောပေးပြီး သန့်ရှင်းစင်ကြယ်စေခြင်း၊ ရေကို သား၍ အကြားမထင်သည့် ဂုဏ်သတ္တိရှိခြင်းများ ရှိသည်မို့ မင်္ဂလာရှိသောအယူအဆဖြင့် ရေပက် ကစားခြင်းပင်ဖြစ်သည်။
သင်္ကြန်ပွဲရေကစားပွဲတော်ကို မြန်မာပြည်သူတို့ နိုင်ငံနှင့်အဝန်း ကျင်းပလေ့ရှိကြသည်။ တိုင်းရင်းသားလူမျိုးများတွင်လည်း ကိုယ့်ဓလေ့နှင့်ကိုယ် ကျင်းပလေ့ရှိတတ်ကြသည်။ သို့ရာတွင် ဒေသ တစ်ခုနှင့်တစ်ခု တူညီခြင်းတော့မရှိ။ သင်္ကြန်ရေ ကစားခြင်း၏ အနှစ်သာရ၊ ရည်ရွယ်ချက်များမှာ တူညီ သော်လည်း ကျင်းပသည့်စနစ်မှာမူ တူညီခြင်းမရှိကြ။ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သော ရခိုင် သင်္ကြန်ပွဲတော်ကျင်းပခြင်းမှာလည်း တစ်မူထူးခြားသည်။ အထူးသဖြင့် သင်္ကြန်အကြိုပွဲကို ကျင်းပခြင်း ပင်ဖြစ်သည်။
သင်္ကြန်အကြိုပွဲ ကျင်းပခြင်းဓလေ့
သာသနာတော်သက္ကရာဇ် ၁၂၃ ခုနှစ်တွင် ရခိုင်ပြည်ဓညဝတီသို့ ဘုရားရှင်ကိုယ်တော်တိုင်ကြွချီ ရောက်ရှိတော်မူခဲ့ကြောင်း ရခိုင်သာသနာသမိုင်းတွင် ပြဆိုထားရှိသည်။ သင်္ကြန်အချိန်အခါရောက်တိုင်း မင်းနှင့် ပြည်သူများသည် ဘုရားရှင်အား ကြည်ညို သောအားဖြင့် အတာရေမကစားမီ ရုပ်ပွားတော်မြတ် အား အမွှေးနံ့သာရည်များဖြင့် ရေစင်သွန်းလောင်း ရေသပ္ပာယ်ပူဇော်ကာ ကုသိုလ်ယူခဲ့ကြသည်ဟု မှတ်သားခဲ့ရသည်။ ထိုစဉ်မှဆက်ကာ ရခိုင်သင်္ကြန် ကာလတွင် သင်္ကြန်ရေကစားခြင်းမပြုမီ ဦးစွာပထမ ဘုရားရှင်အား ရေသပ္ပာယ်ပူဇော် ကုသိုလ်ယူခဲ့ကြ ကြောင်းဖြင့်လည်း သိရသည်။ သို့ဖြင့် အစဉ်အဆက် အားဖြင့် ရခိုင်သင်္ကြန်တွင် ဘုရားရေချိုးပွဲ (ရေတော် သပ္ပာယ်ခြင်း)ကို သင်္ကြန်မကျမီ အကြိုနေ့တွင် ပြုလုပ်လေ့ရှိလာကာ အစဉ်အဆက်ထိန်းသိမ်း ကျင်းပလာခြင်းပင်ဖြစ်သည်။
နံ့သာသွေးပွဲ
သင်္ကြန်ကာလတွင် သင်္ကြန်အကြိုရက်၊ သင်္ကြန် အကျရက်၊ သင်္ကြန်အကြတ်ရက်နှင့် သင်္ကြန်အတက် ရက်တို့ ရှိကြသည်။ စာရေးသူတို့ ရခိုင်ဒေသတွင် တော့ သင်္ကြန်မကျမီ သင်္ကြန်အကြိုပွဲကို တခမ်း တနားပြုလုပ်ကျင်းပလေ့ရှိကြသည်။ တစ်နည်း ပြောရလျှင် နံ့သာသွေးပွဲနှင့် ဘုရားရေချိုးပွဲ (ရေသပ္ပာယ်ပွဲ)ဖြစ်သည်။ နံ့သာသွေးပွဲကို သင်္ကြန် အကြိုရက်မတိုင်မီညတွင် ပြုလုပ်လေ့ရှိကြသည်။
နံ့သာသွေးပွဲမှာ ရခိုင်တိုင်းရင်းသားတို့ အလေးအမြတ်ထားကြသည့်ပွဲလည်းဖြစ်သည်။ ကျေးလက် တောရွာများတွင် ကျေးရွာလူကြီးများ၏ အိမ်ရှေ့တလင်းမှာ၊ သို့မဟုတ် ရွာလယ်ခွဆုံရှိ မြေတလင်း ပြင်မှာ အောက်လင်းဓာတ်မီးတွေထွန်းကာ တပျော်တပါးစုဝေးပြီး နံ့သာသွေးကြသည်။ သနပ်ခါး ကျောက်ပျဉ်ကိုယ်စီ၊ အမွှေးနံ့သာတုံးကိုယ်စီဖြင့် ကျေးရွာမှလုံမငယ်တို့ အလှဆုံးဖီးလိမ်းပြင်ဆင်၍ လာရောက်စုဝေးပြီး နံ့သာသွေးကြမည်။ မြို့ပြများတွင်တော့ ရပ်ကွက်အလိုက် တပျော်တပါးစုဝေးပြီး နံ့သာ သွေးတတ်ကြသည်။
နံ့သာသွေးပွဲသည် မိန်းမငယ်တို့၏အလှကို ထုတ်ဖော်ပြသနိုင်သည့်ပွဲလည်း ဖြစ်သည်။ ယခုနောက်ပိုင်းတော့ လူငယ်အစုအဖွဲ့များကလည်း အစုအဖွဲ့အလိုက် စုရပ်ထားပြီး နံ့သာသွေးလေ့ရှိနေကြပြီ။ နံ့သာသွေးပွဲကျင်းပပြုလုပ်သည့်ညတွင် ရပ်ရွာ၊ ရပ်ကွက်အတွင်းမှ လူရွယ်လူငယ်များက လည်း အတီး၊ အမှုတ်၊ အကအခုန်များဖြင့် မြူးမြူးကြွကြွ ရှိနေတတ်ကြသည်။ သင်္ကြန်တေးသီချင်း တွေ တမြိုင်မြိုင် သီဆိုကခုန်ကြရင်း မောရပမ်းရမှန်းပင် မသိကြ။ လူငယ်များမှာ နံ့သာသွေးနေသည့် လုံမငယ် အပျိုဖြူတို့၏ အပြုံးမြမြနှင့်မျက်စောင်း တစ်ချက်အဝင့်ကိုကြည့်ရင်း ဆိုင်းချက်တီးကွက်နှင့် အညီလိုက်၍ ကခုန်ကြသည်ကလည်း အားပါးတရ ရှိနေကြသည်။ မောရပမ်းရကောင်းမှန်းပင် သိကြ မည်မဟုတ်။ ကြည်နူး၊ ရွှင်မြူးရသည့် ညကလေးတစ်ညပင်ဖြစ်သည်။
မောင်မောင်တို့က တပျော်တပါးဖြင့် ကကြ၊ ခုန်ကြ။ သံချပ်တွေ၊ သီချင်းတွေဆိုကြ။ မမတို့က လည်း အပြုံးမြမြဖြင့် နံ့သာသွေးကြသည်မှာ ည ၁၁ နာရီ ၁၂ နာရီတိုင်တော့သည်။ သွေးပြီးနံ့သာရည် များကို မင်းကျွန်မကြီးများ (လင်ရပြီးမိန်းမများ)က ရေဖလားကြီး၊ ငွေဖလားကြီးများဖြင့် ခံယူ စုဆောင်းရယူထားကြသည်။ သွေးပြီးနံ့သာရည်များ ကနောက်တစ်နေ့(သင်္ကြန်အကျနေ့) ဘုရားရေချိုး ရာတွင် အမွှေးနံ့သာရည်အဖြစ် အသုံးပြုရန်ဖြစ်သည်။ ဘုရားရေသပ္ပာယ်ခြင်းကို ဘုရားရေချိုး၊ ရေတော်ချိုးသည်ဟုပင် ရခိုင်တိုင်းရင်းသားတို့က လွယ်လွယ်သုံးလိုက်ခြင်းဖြစ်သည်။
ဘုရားရေတော်ချိုး ရေသပ္ပာယ်ပွဲ
ဘုရားရေတော်ချိုး၊ ရေသပ္ပာယ်ပွဲကို သင်္ကြန်အကျနေ့တွင် မိမိတို့၏ ကိုးကွယ်ရာဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ကျင်းပပြုလုပ်လေ့ ရှိသည်။
အကြိုညက သွေးယူထားသော နံ့သာရည်များကို နံ့သာခွက်ကလေးများတွင်ထည့်၍ မိန်းမရွယ်ငယ်များက ကိုယ်စီကိုင်၍ စီတန်းလျှောက်လှမ်း လိုက်ပါကြမည်။ မိန်းမကြီး၊ မိန်းမလတ်၊ မင်းကျွန်မများက ဆွမ်းအုပ်များကိုယ်စီ ခေါင်းတွင်ပင့်ချီရင်း လိုက်ပါစီတန်း လျှောက်လှမ်းလိုက်ပါကြမည်။ ဘုန်းတော်ကြီးကျောင်းသို့အသွား စီတန်းလှည့်လည်ရာ ရှေ့ဆုံးမှသက်ကြီးများ၊ မင်းကျွန်များ (မိန်းမရပြီး အသက် ၃၀ ကျော် ၄၅ နှစ်အရွယ်လူကြီးများ)က အလှူပစ္စည်းများ၊ တံခွန်၊ ကုက္ကားများကိုကိုင်၍ လျှောက်လှမ်းလိုက်ပါကြမည်။
နောက်ဆုံးမှ ကာလသား လူငယ်များက ပဒေသာပင်ကိုကိုင် ချီရွက်ထမ်းကာ တီးဝိုင်းနှင့် အကနှင့် မရိုးအီသောရခိုင်သင်္ကြန်သီချင်းများ၊ သံချပ်များကို ဆိုတီးကခုန်လိုက်ပါကြမည်။ လူငယ်လူရွယ်များအဖို့ အတက်ကြွဆုံး၊ အမြူးကြွဆုံး၊ အပျော်ဆုံး ကာလလေးတစ်ခုဖြစ်သည်။ သင်္ကြန်တွင်ကကြသည့် အကကား ယိမ်းနွဲ့ပျော့ပျောင်း၍ကကြရသော ကဟန်တစ်ခုတော့မဟုတ်။ လက်နှစ်ဖက်ကိုအပေါ် မြှောက်ထားပြီး ခန္ဓာကိုယ်အား ဘယ်နွဲ့၊ ညာနွဲ့ဖြင့် စည်းချက်နှင့်အညီ ကခြင်းဖြစ်သည်။ တစ်ဦးနှင့် တစ်ဦးဟန်ချက်ညီချင်မှညီမည်။
ရွာဘုန်းတော်ကြီးကျောင်းကို ရောက်တော့ ကျောင်းကိုလက်ယာရစ် သုံးပတ် သို့မဟုတ် ခုနစ်ပတ် လှည့်ပတ်၍ ပူဇော်ကြမည်။ပြီးတော့ ကျောင်းထိုင် ဆရာတော်ကြီးထံတွင် လှူဖွယ်ပစ္စည်းများဆက် ကပ်ကြ၊ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကျောင်းဆောင်တစ်ခုလုံးလား လှဲကျင်းသန့်စင် ကြမည်။ ကျောင်းခြံဝိုင်းရှိ ချုံနွယ်အမှိုက်သရိုက်များကို ရှင်းလင်းကြမည်။ ကျောင်း ဘုရားခန်းရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ရေချိုးသပ္ပာယ် ပေးကြမည်။ ရောင်တော်ဖွင့် ပူဇော်ကြမည်။ မိန်းမပျို များက ရေတွင်းမှ ရေကိုခပ်ယူ၊ သယ်ယူပေးကြ၊ ယောက်ျားလူငယ်များက ဆေးကြော သန့်စင်ပေးကြ မည်။ ပါလာသောဆွမ်းအုပ်များဖြင့် ဆွမ်းပြင်ဆင် ပြီး ဆရာတော်များအား ဆက်ကပ်ကာ ပါလာ သူများက ဆွမ်းကျန်များကို တပျော်တပါး ဝိုင်းဖွဲ့ စားသောက်ကြရသည်မှာလည်း မေ့နိုင်စရာ မရှိ။
ရေကစားခြင်း
ရခိုင်ဒေသတွင် ရေကစားခြင်းမှာ ရေလောင်း မဏ္ဍပ်ကြီးကြီးတွင် လောင်းလှေကြီးတစ်စင်းကိုထားရှိပြီး ရေအပြည့်ဖြည့်ပေးထားကာ ရခိုင်ပျိုမယ် များကမဏ္ဍပ်တွင်းမှနေ၍ ရေပက်လာသူများအား စောင့်ကြိုရေကစားခြင်း ဖြစ်သည်။ မဏ္ဍပ်တွင်းမှ စောင့်ကြိုနေသည့် မိန်းမပျိုများအနက် မိမိနှစ်သက် ရာ မိန်းမပျိုထံမှရေတောင်းယူကာ မျက်နှာချင်းဆိုင်၍ နှစ်ယောက်သား ရေပက်ကစားနိုင်ကြသည်။ အလုအယက် ရေပက်ကြခြင်းမရှိကြ။ မြင်ရသည့်မြင်ကွင်းမှာ ချစ်ကြည်နူးဖွယ်ရာလည်း ဖြစ်သည်။
သင်္ကြန်အတက်နေ့တွင် နေ့နံအလိုက် အတာစားရမည့် နေ့ရက်မွေးဖွားသူများက အတာတက်အိုး များကိုဆောင်ယူ၍ ဘုရား၊ စေတီများရှိ မိမိနေ့ နံသင့်ရာအရပ်တွင်သွားရောက်ကာ ဆီမီးနံ့သာများ ထွန်းညှိပူဇော်လေ့ရှိကြသည်။ ထို့အတူသင်္ကြန် အတက်နေ့တွင် သင်္ကြန်အတာစား မုန့်ပဲသရေစာ များကို ပြုလုပ်၍ ဘုရားဆွမ်းတော်ကပ်ခြင်း၊ ကျောင်းကန်များသို့ ပေးပို့ဆက်ကပ်လှူဒါန်းခြင်း၊ မိမိပတ်ဝန်းကျင်အိမ်နီးနားချင်းများအား ပေးကမ်း ဝေငှခြင်းဖြင့် ကုသိုလ်ယူလေ့ရှိကြသည်။
နှစ်ဆန်း ၁ ရက်နေ့တွင် သက်ရှိသတ္တဝါများအား ဘေးမဲ့လွှတ်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းများ ညှပ်ပေးခြင်း စသည့်သန့်ရှင်းမှုများကို ပြုလုပ်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိကြသည်။ ထို့အတူ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ ခြင်းများဖြင့် ကုသိုလ်ယူလေ့ရှိတတ်ကြပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့များတွင် ဆရာတော်၊ သံဃာတော်များ အား ပင့်ဖိတ်၍ နိုင်ငံသူနိုင်ငံသား၊ ပြည်သူပြည်သား များ ဘေးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ကမ္မဝါစာများ ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ အမျှအတန်းပေးဝေခြင်းများ ပြုလုပ်လေ့ရှိကြသည်။
သင်္ကြန်အကြိုရက်၊ သင်္ကြန်အကျရက်၊ သင်္ကြန်အကြတ်ရက်၊ သင်္ကြန်အတက်ရက်နှင့် နှစ်ဆန်း ၁ ရက်နေ့များကို သင်္ကြန်ကာလဟု သတ်မှတ် ထားကြသည်။ စာရေးသူတို့ ရခိုင်ဒေသတွင် သင်္ကြန် အကြိုနေ့မတိုင်မီ ညပိုင်းတွင် နံ့သာသွေးပွဲကို ပျော်ပျော်ပါးပါးဆင်နွှဲကြပြီး သင်္ကြန်ကို ကြိုကြ သည်။သင်္ကြန်အကြိုနေ့တွင် ဘုရားကျောင်းကန် များသို့ သွားရောက်ပြီး ကျောင်းကန်များကို လှဲကျင်း သန့်စင်ပြီး ဗုဒ္ဓဆင်းတုတော်များကို ရေချိုး၊ ရေသပ္ပာယ်ပူဇော်ပြီးမှ သင်္ကြန်ကျသည်။ သင်္ကြန် ရေကစားခြင်းကို လူငယ်များက နှစ်ဆန်း ၁ ရက် နေ့အထိ ကစားလေ့ရှိပြီး အဆိုပါနေ့တွင် သက်ကြီး ရွယ်အိုများအား ပူဇော်ကန်တော့ခြင်းမှာ အစဉ်အလာ တစ်ခုပင်ဖြစ်သည်။
စာရေးသူကတော့ ငယ်စဉ်ကာလ၊ အရွယ်နုပျို စဉ်တုန်းက တွေ့ကြုံ ခံစားခဲ့ရသည့် သင်္ကြန်အကြိုကာလ နံ့သာသွေးပွဲပုံရိပ်ကို ခံစားပုံဖော်ဖြစ်နေမိသည်။ အဝေးမှလွင့်ပျံလာသောသင်္ကြန်တေးသံများကို နားစွင့်ရင်း ငယ်မူငယ်သွေး၊ ငယ်စိတ်တို့ဖြစ်ပေါ်လာပြီး နုပျိုလန်းဆန်းသလိုပင် ခံစားရသည်။ သင်္ကြန်နှင့်အတူ အားသစ်အင်သစ်တို့ စီးမျောဝင်လာသည်။ သင်္ကြန်အကြိုပွဲနှင့်အတူ စာရေးသူသည် နှစ်တစ်နှစ်၏ အစကို လှမ်းလင့်ကြိုဆိုဖြစ်နေမသည်။ ။
No comments:
Post a Comment