Thursday, April 20, 2023

လူအချင်းချင်းစာနာထောက်ထား နိုင်ငံသားများ နှလုံးစိတ်ဝမ်းချမ်းမြေ့

 


၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်၊ မင်္ဂလာရှိသော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားအချင်းချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံတော်အကြီးအကဲဖြစ်သည့် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား အကျဉ်းသူများ ကျခံရန်ရှိသည့် ပြစ်ဒဏ် များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၂၈/၂၀၂၃)၊ (၂၉/၂၀၂၃)နှင့် (၃၀/၂၀၂၃) တို့ကို ထုတ်ပြန်၍ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၃၀၁၅ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသည့် စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြု ပေးခဲ့သည်။ ထို့အပြင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၉၈ ဦးတို့နှင့် ပြစ်ဒဏ်ကျ ခံနေရသည့် သီရိလင်္ကာနိုင်ငံသား ငါးဦးတို့ကိုလည်း နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကိုအလေး ထားသော အားဖြင့်လည်းကောင်း အလားတူစည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များ အပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်၏တာဝန် အရပ်ရပ်တို့ကို ထမ်းဆောင်နေ သည့်ကာလအတွင်း မင်းကျင့်တရား ၁၀ ပါး၊ နာယကဂုဏ် ခြောက်ပါးတို့နှင့်အညီနိုင်ငံတော်က ပြဋ္ဌာန်း ထားသော ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား အကျဉ်းသူ များအားကျခံနေရသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များကို နှစ်စဉ်နှစ်တိုင်း နေ့ကြီးရက်ကြီးအခါကြီးရက်များတွင် ခွင့်ပြုပေးလျက်ရှိရာ အများပြည်သူတို့အနေဖြင့် နှလုံးစိတ်ဝမ်း ဝမ်းမြောက်ကြမည်ဖြစ်သည်။ အကြောင်း အမျိုးမျိုးဖြင့် ပြစ်မှုတစ်မျိုးမျိုးကိုကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ကျခံနေရ သောသူများ အနေဖြင့်နိုင်ငံတော်အစိုးရက လူသားချင်းစာနာထောက်ထား၊ သည်းခံ ခွင့်လွှတ် ကိုယ်ချင်းစာ တရား မေတ္တာထား၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ဤသို့ပြုလုပ်ပေးသည့်အပေါ် ကျေးဇူးတင်ဝမ်းမြောက်ကြ မည်ဖြစ်သည်။

ဤသို့ နိုင်ငံတော်အစိုးရက ပြုလုပ်ပေးခဲ့သော ကျေးဇူးတရားများကို လွတ်ငြိမ်းခွင့်ရသူတို့အနေဖြင့် မချေဖျက်မိစေဘဲ မိမိနှင့် မိမိ မိသားစု၊ မိမိ ပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော်ကို ပြန်လည် အလုပ်အကျွေးပြု ပေးဆပ်ခြင်းဖြင့် ကျေးဇူးတုံ့ပြန်ကြရမည်ဖြစ်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရခဲ့ကြသူများတွင် အချို့လွတ်ငြိမ်း ခွင့်ရသူ များအနေဖြင့် ထားရှိခဲ့သောကတိကဝတ်များကို ဖောက်ဖျက်ပြီး ထပ်မံ၍ပြစ်မှုကျူး လွန်မှုများ ရှိခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ဆက်လက်၍ ပြစ်ဒဏ်ကျခံရမည်ကို သတိပြုရန်လိုသည်။ ဥပဒေ ကိုလေးစားသည့် ယဉ်ကျေးသောနိုင်ငံ များတွင် အပြစ်ကျူးလွန်သူတို့အား ဆုံးမရာတွင် နောက်ထပ် အလားတူပြစ်မှုမျိုး ထပ်မံမကျူးလွန်မိစေရန် အဓိကထားသည်။ ရာဇဝတ်မှု ကျူးလွန်ခဲ့သူများ၏ အကျင့်စာရိတ္တနှင့်စိတ်နေစိတ်ထားများ ပြန်လည် ကောင်းမွန် လာအောင် ပြုပြင်ပေးသည်။

လူ့ဘောင်လောက၌ အပျော်ဆုံးနေ့ရက် သုံးမျိုးရှိသည်တွင် အကျဉ်းထောင်မှ လွတ်မြောက်သောနေ့ သည်လည်း နေ့တစ်နေ့ပါဝင်သဖြင့် မြန်မာတို့၏ ရက်မြတ် မင်္ဂလာ မင်္ဂလာရှိသောနှစ်သစ်ကူး အခါသမယနေ့ တွင် အကျဉ်းကျခံနေရသော အကျဉ်းသား အကျဉ်းသူများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ရရှိခဲ့ခြင်းသည် အပျော်ရွှင် ဆုံး၊ မင်္ဂလာအရှိဆုံး နေ့တစ်နေ့ဖြစ်ခဲ့ပေသည်။ မည်သည့်ကိစ္စတွင်မဆို လူသာလျှင် အဓိကဖြစ် သည်။ လူသည် အမှားနှင့်မကင်းသဖြင့် အမှားကျူးလွန်မိပြီး အပြစ်ဒဏ် ကျခံရသော်လည်း ဤသို့လွတ်ငြိမ်း ချမ်းသာခွင့်ရသည့်အခါ မိမိကိုယ်ကို ပြုပြင် ဖန်တီးပြီး မိမိအကျိုး၊ လူ့ဘောင်လောကအကျိုး၊ နိုင်ငံ့အကျိုးများ ကိုသယ်ပိုး ထမ်းဆောင်၍ နိုင်ငံသားကောင်းတစ် ယောက်ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက မင်္ဂလာရှိသော မြန်မာတို့၏ နှစ်သစ်အခါကာလ တွင် ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထား အလေးထားရေးကို ဦးစားပေး၍ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား အကျဉ်းသူများ၏ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ခြင်းကို ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်ရပါကြောင်း။   

No comments:

Post a Comment