နေပြည်တော် ဧပြီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပခုက္ကူမြို့ သာသနဝိပုလာရာမ (အနောက်တိုက်) မှ ဂန္တဝါစကပဏ္ဍိတ၊ မြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တမေဓာနှင့် ရေစကြိုမြို့ မအိုကျောင်းမှ ဂန္တဝါစကပဏ္ဍိတ မြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တသြဘာသတို့ ဉီးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၀၀)ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာ ဖူးမြှော်ကြည်ညိုကြသည်။
ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့်
ကျောက်တုံးတော်ကြီးများအား ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများ ဖြင့် ပင့်ဆောင်ခဲ့ရမှု၊
ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့
ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား
ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊
မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြေ သာယာလှပစေရေးအတွက်
သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့်
အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်း လျှောက်ထားသည်။
ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယ
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ
သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကိုလည်း
လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းနှင့်
လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ထောက်ချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဆရာတော်၊
သံဃာတော်ကြီးများ၏ ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment