Tuesday, April 4, 2023

ရခိုင်ပြည်နယ် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၁/ ၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၃

ရခိုင်ပြည်နယ် ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာ စကား ပြောကြားသည်။

အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရခိုင်ပြည်နယ်ခရီးစဉ် တွင် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့်ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတို ရေရှည်တွက်ချက်ပြီး ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်” ဟု လမ်းညွှန်ခဲ့ပါကြောင်း၊ ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပီပြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း ရေးဆွဲဆောင်ရွက်ခဲ့သည့် ကာလတို/ ကာလရှည် စီမံကိန်းဖြစ်သော “ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်” ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဆန်တန်ချိန်နှစ်သိန်း တင်ပို့ပေးနိုင်

ရခိုင်ပြည်နယ်နှင့် ဆက်စပ်ပြီး ကုန်သွယ်မှုအပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အစိုးရချင်း ချိတ်ဆက်သည့်စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါစာချွန်လွှာအရ ရခိုင်ပြည်နယ်ဒေသထွက် ဆန်တန်ချိန် ၂၅၀၀ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန် ချိန် နှစ်သိန်း တင်ပို့ပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့်ဆန်များကို ပိုမိုတင်ပို့နိုင်ရေး ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနေရာချထား ရေးနှင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရေရှည်ဘဝ ရပ်တည်နေထိုင်ရေး အတွက် လိုအပ်သော ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ စီမံကိန်းများ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြ သူများက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှုကို ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment