Monday, April 3, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်၊ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူမှ ပေးအပ်ချီးမြှင့်သည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” အား လက်ခံရယူ

နေပြည်တော် ဧပြီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် အခမ်းအနားများကို အောင်မြင်စွာကျင်းပခဲ့ကာ အခမ်းအနားတက်ရောက် လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့်ဂုဏ်ထူးဆောင်ဘွဲ့များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။


 


 

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများက သွားရောက်ချီးမြှင့် အပ်နှင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင်လည်း ဂုဏ်ထူးဆောင်တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်ခြင်းကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomini မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး Mr. Nikolay LISTOPADOV၊ စစ်သံမှူး Colonel Sergey KURCHENKO၊ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်း လေ့လာရေးအင်စတီကျူ့၏ President ဖြစ်သူ Dr. Professor Vitaly Vyacheslavovich NAUMKIN နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇေယျကျော်ထင် တိုးရီက ဘွဲ့တံဆိပ်ပေးအပ်သည့်အမိန့်ကို ဖတ်ကြားတင်ပြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin ထံ သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President က “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား တွေ့ဆုံဂုဏ်ပြုခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဘာသာစကား၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို လေ့လာသင်ကြားခဲ့ပါကြောင်း၊ ရုရှားဇာဘုရင် ပထမ အလက်ဇန်းဒါးလက်ထက် ၁၈၁၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် သမိုင်းအရှည်ကြာဆုံးနှင့် အကြီးမားဆုံး အရှေ့တိုင်းတက္ကသိုလ်ကြီးတွင် မိမိနှင့်ပါမောက္ခပညာရှင်များသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိပါကြောင်း၊ အဆွေတော်၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတမှုကို အခြေခံသည့် နိုင်ငံရေးပွင့်လင်းမြင်သာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ရပါကြောင်း၊ သိပ္ပံနှင့် နည်းပညာကဏ္ဍအပါအဝင် မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်ဆံမှုများသည်လည်း တိုးတက်လျက်ရှိပါကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုနယ်ပယ် အပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် အဆွေတော်၏စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရန် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့၊ ပညာရေးကောင်စီမှ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါ ဘွဲ့တံဆိပ်အား ချီးမြှင့်အပ်နှင်းခွင့်ပြုပါစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့၏ President က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့”ကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်လက်ခံရရှိခြင်းအတွက် ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတစ်ဦးတည်း၏ စွမ်းဆောင်မှုကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ခံရခြင်းမဟုတ်ဘဲ အားလုံး၏ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ခံယူထားပါကြောင်း၊ မိမိအနေဖြင့် ရရှိပြီးဖြစ်သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုချီးမြှင့်ခံရသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် ထိုက်တန်သည့် ကြိုးစားဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံမှုသည် ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မကြာမီကျရောက်တော့မည့် မြန်မာနိုင်ငံ၏ နှစ်သစ်ကူး အခါသမယမှစ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် အောင်မြင်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများစွာကို ဆက်လက်ရရှိပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ဂုဏ်ပြုစကားနှင့် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့မှ ပေးအပ်သည့် “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့” ကို လက်ခံရရှိခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်ပေးအပ်နိုင်သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ သီရိပျံချီဘွဲ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကောင်းရာကောင်းကျိုး ဖြစ်ထွန်းစေရေး ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများကို ပေးအပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တစ်ခုဖြစ်ပါကြောင်း၊ အဆွေတော်အနေဖြင့် မိမိတို့ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွား၊ မြန်မာ့တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့်အပြင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခုကဲ့သို့စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ အဆွေတော်၏ ကြိုးစားအားထုတ်မှုများကြောင့် မိမိတို့နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုအမြင့်ဆုံး အခြေအနေသို့ရောက်ရှိခဲ့ရခြင်း ဖြစ်ပါကြောင်း။

မိမိအနေဖြင့်လည်း ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့မှ ပေးအပ်သည့် “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့” ကို လက်ခံရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့သည် အာရှနိုင်ငံများနှင့် အာဖရိက မြောက်ပိုင်းနိုင်ငံများ၏ သမိုင်း၊ ဘာသာစကားနှင့် စာပေ၊ စီးပွားရေးနှင့် လူမှုရေး၊ လူမျိုးရေးနှင့် ယဉ်ကျေးမှုစသည်တို့ကို သုတေသနပြုလေ့လာနိုင်ရန် တည်ထောင်ထားခြင်းဖြစ်ပြီး တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သူများမှာလည်း စွမ်းဆောင်ရည်မြင့်မားသည့်အတွက် ၁၉၈၀ ပြည့်နှစ်တွင် Order of the Red Banner of Labour တံဆိပ်ချီးမြှင့်ခြင်းခံရကြောင်းကို မှတ်သား သိရှိရပါကြောင်း၊ အဆွေတော်တို့၏တက္ကသိုလ်အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ် နှင့်ကျောင်းအသီးသီးမှ ပညာရှင်များမွေးထုတ်ပေးခဲ့သည့်အတွက် ရုရှားနိုင်ငံသည် စာပေပညာရှင်၊ သိပ္ပံပညာရှင်၊ ဝိဇ္ဇာပညာရှင် စသည်ဖြင့်ပညာရှင်များစွာ ပေါ်ထွန်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင်လည်း ကမ္ဘာ့ထိပ်တန်းနေရာမှ ရပ်တည်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် ထိုကဲ့သို့ စွမ်းရည်ထက်မြက်သူများကို မွေးထုတ်ပေးလျက်ရှိသည့် ရုရှားသိပ္ပံ အကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့မှပေးအပ်သည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ကို လက်ခံရရှိခြင်းအပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နိုင်ငံမှ ပညာတော်သင်များသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားခဲ့ပြီး အဆင့်မြင့်ဘွဲ့များစွာကို ရရှိခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ပညာတော်သင် သင်တန်းသားအများအပြား တက်ရောက်သင်ကြားလျက်ရှိပါကြောင်း။

နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကာလကြာရှည်စွာ တည်ဆောက်ခဲ့သည့် စစ်ဘက်နည်းပညာ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုနယ်ပယ်၌ ပူးပေါင်း ဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရုရှားသိပ္ပံ အကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment