Tuesday, April 11, 2023

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ရေရရှိရေးအတွက် လုပ်ငန်းများဆက်လက်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


စစ်တွေ ဧပြီ ၁၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရေရရှိရေးအတွက် မြေအောက်ရေတူးဖော်ရေးအဖွဲ့များမှ ရေတူးဖော်ရရှိနေမှု၊ ကန်တော်ကြီးသို့ ရေဖြည့်တင်းနေမှု၊ ရေစုကန်များတည်ဆောက်နေမှုနှင့် ရေဆက်လက်တူးဖော်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 





ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီဂေါက်ကွင်းအနီးတွင် ခေတ်မှီစက် ယန္တရားကြီးများဖြင့် မြေအောက်ရေတူးဖော်နေရရှိနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် ပြည် နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက မြေအောက်ရေတူးဖော်နေရရှိနေမှုအခြေအနေနှင့် ကန်တော်ကြီးသို့ ရေဖြည့်တင်းနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် သင်္ဂနက်ကျေးရွာအနီးတွင် မြေအောက်ရေတူးဖော်ရရှိနေမှုနှင့် ဆိုလာစနစ်ဖြင့်ရေတင်ကာ ကန်တော်ကြီးသို့ ရေပို့လွှတ်နေမှုတို့ကိုသွားရောက်ကြည့်ရှုကြပြီး စစ်တွေမြို့၊ မျိုးသန့်ခြံအတွင်း မြောက်ရေတူးဖော်ရရှိနေမှုနှင့် ရေသိုလှောင်ဖြန့်ဖြူးနိုင်ရန် ရေဂါလံ ၂၀၀၀၀ ဆံ့ရေစုကန်တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော်ကြီးအနီးတွင် မြေအောက်ရေရရှိနိုင် ရေးဆက်လက်တူးဖော်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြကာ ရေရရှိရေးလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ပြီး လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရေးနှင့် ကန်တော်ကြီးသို့ရေပို့လွှတ်နိုင်ရေး၊ ရေဖြန့်ဝေပေးနေမှုများပြတ်လပ်မှုမရှိစေရေးလမ်း ညွှန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့်အဖွဲ့အား တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း အသားတိုးနွား၊ နို့စားနွား၊ ဒေသနွား၊ ဝက်နှင့်ဆိတ်တို့ကို တိုးချဲ့မွေးမြူနိုင်ရေး၊ မွေးမြူရေး လုပ်ငန်းများအားအစုအဖွဲ့များဖြင့် မွေးမြူနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများ နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ အေးခဲအသားများပြုလုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရေး၊ မွေးမြူရေးဇုန်များဖော်ဆောင်နိုင်ရေး၊ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အစာများဖြစ်သည့် နေဗီယာမြက်များနှင့် အခြားသောမြက်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment