Thursday, April 27, 2023

ယုံကြည်ချက်ခိုင်မာစွာဖြင့် အောင်စိတ်တံခွန်လွှင့်ထူ

 



(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပတော့မည် ဖြစ်သည်။ ပြိုင်ပွဲကြီးကျင်းပရန် ရက်အနည်းငယ်သာလိုတော့သဖြင့် ပြိုင်ပွဲဝင်ကြမည့် အားကစားမောင်မယ်တို့အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၂၅ ရက်နေ့က အောင်နိုင်ရေးအလံ အပ်နှင်းခဲ့သည်။

မြန်မာအားကစားအဖွဲ့ဝင်များအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က “ယခု (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို ယခုအပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော်သည် မောင်တို့မယ်တို့အားကစားအဖွဲ့အတွက် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ နိုင်ငံတော်၏ကိုယ်စားပြုနေသည်ဆိုသည့် ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံ‌တော်၏အောင်လံ တလူလူလွင့်ပျံနေစေရေး ရေကုန်ရေခန်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက်တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

အများပြည်သူ မျှော်လင့်နေကြသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် ပြိုင်ပွဲဝင်ကြမည့် အားကစားမောင်မယ်အပေါင်းတို့အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အားကစားပညာရပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စသည်ဖြင့် အစစအရာရာတွင် ကြိုတင်ပြင်ဆင်ထားပြီး ပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အားကစားမောင်မယ်များသည် အောင်မြင်ရမည်၊ ဆုများ ဆွတ်ခူးနိုင်ရမည်ဆိုသည့် စိတ်ဓာတ်အပြည့်ဖြင့် “ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသည်နှင့်အညီ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် အားကြိုးမာန်တက်၊ ပြင်းပြင်းထန်ထန်လေ့ကျင့် ပြင်ဆင်ခဲ့ကြသည်။ နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူအပေါင်းတို့ကလည်း ဆုများ တစ်ပွေ့တစ်ပိုက်ဖြင့် အောင်မြင်မှုများနှင့်အတူ ပြန်လာမည်ကို မျှော်လင့်စောင့်စား နေကြမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံကို နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  အားကစားကဏ္ဍကိုလည်း နိုင်ငံတကာအဆင့် တိုးတက်လာရေး အလေးထားစီမံ အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲများတွင် အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ထောက်ပံ့ချီးမြှင့်ဂုဏ်ပြုပေး၍ အားပေးမြှင့်တင်ခဲ့သည်။ ယခုပြိုင်ပွဲတွင် နိုင်ငံအတွက် ဆုတံဆိပ်များယူပေးကြမည့် အားကစားမောင်မယ်များကိုလည်း အလားတူအခွင့်အရေးများ ပေးအပ်ရန်အသင့် ရှိနေသည်။ အားကစားကဏ္ဍကို နိုင်ငံတော်ကလည်း မြှင့်တင်အားပေး၊ အားကစားသမားများကလည်း ရေကုန်ရေခန်းကြိုးစား၊ ပြည်သူများကလည်း တစ်ခဲနက်အားပေးမျှော်လင့်ကြသဖြင့် အောင်မြင်မှုများ မလွဲမသွေရရှိလာမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အားကစားမောင်မယ်များအနေဖြင့် နိုင်ငံတော်အတွက် အားကစား လူချွန်လူကောင်းများ ဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်းကြီးတစ်ရပ်ကို ရရှိနေပြီဖြစ်သည်။ ယခုအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားနိုင်ကြမည်ဟု နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးက ယုံကြည်မျှော်လင့်နေကြသည်။ ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာရှ၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများထက် ဆုတံဆိပ်များ ပိုမိုရရှိလာအောင် စွမ်းဆောင်နိုင်ကြမည်ဆိုပါက မြန်မာအားကစားအဖွဲ့၏အောင်မြင်မှုသမိုင်းကို ပြန်လည်မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်နေသည့် ဦးတည်ချက်များတွင် “နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေးဆိုသည့် လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိသည်။ တစ်မျိုးသားလုံး  သက်ရှည်ကျန်းမာရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးသည်။ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည် ဆိုသည့်ဆောင်ပုဒ်အတိုင်း အားကစားစိတ်ဓာတ်မှသည် တိုင်းပြည်ချစ်စိတ်ဖြစ်‌ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ် ပေါ်ပေါက်လာမည် ဖြစ်သည့်အတွက် အားကစားကဏ္ဍအောင်မြင်မှု ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာအားကစားသမားများအနေဖြင့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းကောင်းကို အမိအရဆုပ်ကိုင်ကာ နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်ပေးမည်ဟူသည့် ပြင်းပြသောယုံကြည်ချက်ခိုင်မာစွာဖြင့် မြန်မာတို့၏အောင်မြင်မှု အောင်စိတ်တံခွန်  လွှင့်ထူပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။    

No comments:

Post a Comment