Thursday, April 6, 2023

၂၀၂၂ -၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူများကို လူရည်ချွန်စခန်းအသီးသီးသို့စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 


နေပြည်တော်   ဧပြီ  

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသားကျောင်းသူများကို  လူရည်ချွန်စခန်းအသီးသီးသို့ စေလွှတ်နိုင်ရေး ကြိုတင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင်  နေပြည်တော် ပညာရေးဝန်ကြီးဌာန   ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌  ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ   ညွန့်ဖေ၊   ပညာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊   ဖိတ်ကြားထားသူများနှင့်  သက်ဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ်တွင် ရွေးချယ်မွေးထုတ်ပေးလိုက်သည့် လူရည်ချွန်မောင်မယ်များကို လူရည်ချွန်စခန်း အသီးသီးတွင် စခန်းချနိုင်ရေး၊ အတွေ့အကြုံ ရိုးရာဓလေ့ထုံးစံများ ဖလှယ်ရေးနှင့် ဒေသန္တရဗဟုသုတများကို လေ့လာနိုင်ရေးအတွက် ဆက်စပ် ဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှုရယူရန်အတွက် ညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပရခြင်း ဖြစ်ပါ ကြောင်း၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသား လူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင် အဋ္ဌမတန်း လူရည်ချွန် ၁၆၀၊ ဒသမတန်းလူရည်ချွန် ၁၆၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ် နိုင်ခဲ့ပြီး လူရည်ချွန်စခန်းအသီးသီးသို့ လေ့လာရေးခရီးစဉ် စေလွှတ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူရည်ချွန် မောင်မယ်များအနေဖြင့် လေ့လာရေးခရီးစဉ်တွင် ရင်းနှီးခင်မင်မှုရရှိခြင်း၊ ပူးပေါင်းပါဝင်ဆောင်တတ်ခြင်း၊ ဒေသန္တရဗဟုသုတများ ဖလှယ်ခြင်းဖြင့်  မိမိတို့နေထိုင်ရာဒေသအကြောင်းနှင့် မိမိနိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်များ ကိန်းအောင်းရှင်သန်စေမည် ဖြစ်ပါကြောင်း၊ ခရီးစဉ်တစ်လျှောက် တည်းခိုနေထိုင်ရေး၊ စားသောက် ရေး၊ ကျန်းမာရေး၊ လေ့လာရေး၊ စသည့်လုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင် ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး ကာ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စီမံကိန်း အစီအစဉ်အား ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက လူရည်ချွန်စီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး၍  နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း  သိရသည်။

သတင်းစဉ်

No comments:

Post a Comment