Saturday, April 8, 2023

ပြည်ထောင်စုကိုထာဝစဉ်ကာကွယ် မျိုးချစ်စိတ်ဓာတ်ဖြင့်စောင့်ရှောက်

 



ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသူနိုင်ငံသား အားလုံးတွင်လည်း တာဝန်ရှိပါသည်။ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ကာကွယ်စောင့်ရှောက်နေကြသည်။ နိုင်ငံတော်ကာကွယ် ရေးတာဝန်မှာ တပ်မတော်၏တာဝန်ဖြစ်သော်လည်း နိုင်ငံသူနိုင်ငံသားများကလည်း အတူပူးပေါင်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ပါမှ မိမိတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ ခိုင်မြဲပြီး နိုင်ငံတကာအလယ်တွင် တင့်တယ်စွာရပ်တည်နေထိုင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အဘက်ဘက်တွင် ပြည့်စုံကောင်းမွန် သည်ဖြစ်၍ နယ်ချဲ့နိုင်ငံကြီးများက မျက်စိကျသည်။ ထို့ကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပရိယာယ်အမျိုးမျိုးဖြင့် ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်သည်။ အချုပ်အခြာအာဏာကိုထိပါးခံရပြီး နိုင်ငံကျွန်ဘဝသို့ရောက်ခဲ့သည့် သင်ခန်းစာရှိခဲ့သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်နှင့်အတူ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက် ညီညွတ်ရေး ပျက်ပြားသဖြင့် မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုများ ယနေ့ထက်တိုင်ရှိနေသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏သမိုင်းကြောင်းတစ်လျှောက် ပြည်တွင်းမညီညွတ်မှု၊ ပြည်ပစွက်ဖက်မှုတို့ကြောင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ပျက်ပြားထိပါးခံခဲ့ရခြင်းဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက် လူမျိုးရေး၊ ဝါဒရေး၊ ဂိုဏ်းဂဏရေး တို့ကြောင့် တိုင်းပြည် မီးဟုန်းဟုန်းတောက်လောင်သည်အထိ ပြည်တွင်းလက်နက် ကိုင်သောင်းကျန်းမှုများဖြစ်ပေါ်ခဲ့သည်။ ပြည်ပမှ တရုတ်ဖြူကျူးကျော်မှု၊ မူဂျာဟစ် သောင်းကျန်းမှု၊ ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ မုံးကိုး၊ လောက်ကိုင် လွတ်မြောက်နယ်မြေ ဖြစ်ရေး အကြမ်းဖက်တိုက်ခိုက်မှုများကို တပ်မတော်သည် အမျိုးသားရေးစိတ်ဓာတ် အပြည့်အဝဖြင့် ကာကွယ်နိုင်ခဲ့သည်။ ယနေ့ထက်တိုင်အောင်လည်း ပြည်ပစွက်ဖက်မှု၊ ပြည်တွင်းသောင်းကျန်းမှုများကို နိုင်ငံချစ်စိတ်ဖြင့်ပင် အသက်သွေးပေးဆပ်၍ ကာကွယ်လျက်ရှိသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်၍ မျက်မှောက်ကာလ စစ်ပွဲပုံစံများသည် ဘက်စုံစစ်ပွဲပုံစံဖြင့် ဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကလက်နက်မှာ ပြည်တွင်း၌ ညီညွတ်ရေးပျက်ပြားအောင်ဖန်တီးပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ပြုလုပ်နေခြင်းပင်ဖြစ်သည်။ အင်အားကြီးနိုင်ငံအချို့က ဖွံ့ဖြိုးဆဲနိုင်ငံငယ်များနှင့် ဖွံ့ဖြိုးပြီးနိုင်ငံအချို့အပေါ် စွက်ဖက်နှောင့်ယှက်မှုများ ပြုလုပ်နေသည်ကိုတွေ့ရ မည်ဖြစ်သည်။ မြန်မာနိုင်ငံအပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေးနှင့်ဝါဒဖြန့်ချိရေးစသည့် နယ်ပယ်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ သွေးခွဲလွှမ်းမိုးမှုကို ခံရသူများအနေဖြင့် နိုင်ငံရေးကိုအကြောင်းပြု၍ပြည်တွင်း၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်လာကြသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အဘက်ဘက်တွင် ဖြိုလှဲဖျက်ဆီးနိုင်ရန် ကြိုးပမ်းနေကြသည်။

မျက်မှောက်ကာလတွင် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာ၌ ပြည်ပစွက်ဖက်မှုများ၊ သွေးခွဲမှုများနှင့်အတူ နိုင်ငံရေးအရ အမြတ်ထုတ်မှုများ ရှိလာသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီစနစ်ကို ပျက်ပြားအောင် ပြုလုပ်လာပြီး နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းအားထုတ်လာသဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရသည်။ တပ်မတော်သည် ဒို့တာဝန်အရေး သုံးပါးကို အစဉ်အမြဲထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် တိုင်းပြည်အတွက် အသက်တမျှအရေးကြီးသောအချက်များ ဖြစ်သည်။

ယင်းတို့ကို ပြိုပျက်စေရန် ပြည်ပမှ နယ်ချဲ့လက်သစ်များနှင့် ပြည်တွင်းမှ အမျိုးသားသစ္စာဖောက်များက အစဉ်ကြံစည်အားထုတ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်ကို ပြိုလဲပျက်စီးခြင်းမရှိစေရန် အဓိကကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး ကာကွယ်စောင့်ရှောက်သောသူကို အစဉ်ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။ နိုင်ငံတော်ကို ပြည်တွင်းအားဖြင့် ကာကွယ် စောင့်ရှောက်နိုင်ခြင်းမရှိပါက တိုင်းပြည်ပြိုလဲပျက်စီးသွားမည်ဖြစ်သည်။ ယနေ့ထက်တိုင် တိုင်းပြည်တွင် မငြိမ်းချမ်းမှုများကို ဖန်တီးလုပ်ဆောင်လျက်ရှိပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာသာသနာရေးစသည့် ကဏ္ဍပေါင်းစုံတွင်ပါ ထိုးနှက်ဖျက်ဆီးမှုများပြုလုပ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်ပြိုကွဲပျက်စီးစေရန် အစဉ်အားထုတ်နေသည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်အမျိုးမျိုးကို ကာကွယ်နေသည့် တပ်မတော်နှင့်ပြည်သူတစ်ရပ်လုံး လက်တွဲပူးပေါင်း၍ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ဖြင့် တိုင်းပြည်ကို ဆက်လက်ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment