Saturday, April 8, 2023

၂၀၂၃ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 


နေပြည်တော် ဧပြီ ၇

၂၀၂၃ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ်(၄) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization) ကို ၁၉၄၈ ခုနှစ် ဧပြီ ၇ ရက် တွင် ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်တွင် အဖွဲ့ကြီးတည်ထောင်ခဲ့သော သက်တမ်း(၇၅)နှစ်ပြည့်မြောက်ခဲ့ပြီး စိန်ရတုတိုင်ခဲ့ပြီဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ကြောင်း။

ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် ၁၉၅၀ ပြည့်နှစ်မှစတင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး စတင်တည်ထောင် ခဲ့သည့်နေ့ဖြစ်သော ဧပြီလ ၇ ရက်နေ့ကို သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နှစ်စဉ်နှစ်တိုင်း အဆိုပါနေ့ရက်ကျရောက်တိုင်း ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနားများနှင့် လှုပ်ရှား မှုများကို ဆောင်ရွက်လေ့ရှိကြောင်း။

အဓိပ္ပာယ်ပြန်ဆိုထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတည်ထောင်သည့် (၇၅)နှစ်မြောက်ဖြစ်သော ယခုနှစ်တွင် ရည်မှန်းချက် ဆောင်ပုဒ်အဖြစ် “Health for All” ဟု သတ်မှတ်ထားပြီး မြန်မာဘာသာဖြင့် “လူတိုင်း သက်ရှည်ကျန်းမာဖို့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်စို့”ဟူ၍ အဓိပ္ပာယ်ပြန်ဆိုထားကြောင်း။

ယခုနှစ် ဆောင်ပုဒ်အဖြစ်အလေးထားတင်ပြလိုသည့်အချက်မှာလူတိုင်းရောဂါဘယကင်းရှင်းပြီး ကျန်းမာစွာဖြင့် လူ့သက်တမ်းစေ့နေနိုင်ရေးအတွက်  အရည်အသွေးပြည့်ဝသော အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို အသက်အရွယ်မရွေး၊ နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကာ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ငွေကြေးကုန်ကျမှု သက်သာစေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာရည်မှန်းချက် အမှတ်စဉ်(၃)ဖြစ်သည့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများရရှိရာမှ လူတိုင်းအသက်အရွယ်မရွေး ကျန်းမာရေးနှင့် သာယာဝပြောရေးကို ရရှိစေရေးအတွက်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်တွင် လူမှုရေးဦးတည်ချက်များအနက် တတိယအချက်အနေဖြင့် “နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး” ကိုသတ်မှတ်ထားရှိရာတွင် အဆိုပါဦးတည်ချက် ရရှိရောက်ရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ရှိသည့် ဝန်ကြီးဌာနဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အပါအဝင် နှီးနွှယ် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများစသည့် အားလုံးပူးပေါင်းပါဝင်သော ကျန်းမာရေးမူဝါဒ၊ ကျန်းမာရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ လမ်းညွှန်မှုကိုခံယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ဝန်ဆောင်မှုပေး

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာ၌ ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးအတွက် ဘဝတစ်သက်တာ ကျန်းမာရေးစောင့်ရှောက်မှုပုံစံ(life cycle approach) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်လျက် ရှိခြင်း၊ အရည်အသွေးပြည့်ဝသော ကုသစောင့်ရှောက်မှုများကို ဆေးရုံစုစုပေါင်း ၁၁၇၈ ရုံဖြင့် ဆောင်ရွက် လျက်ရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အသက်သွေးကြောသဖွယ်ဖြစ်သော ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်များ စနစ်တကျမွေးထုတ်ခြင်း၊ ကျန်းမာရေးစနစ်တောင့်တင်းခိုင်မာရေးအတွက် အထောက်အကူပြုသုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိခြင်း၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင်နေထိုင်သည့် ၇၀ ရာခိုင်နှုန်းသော ပြည်သူများ၏ အားကိုး၊ အားထားရာတစ်ခုဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထု၏ အခြေခံကျန်းမာရေးကို ထိရောက်စွာ စောင့်ရှောက်ပေးလျက်ရှိခြင်း၊ နေ့စဉ်သုံးစွဲနေရသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးဆိုင်ရာလုပ်ငန်းများသည် နိုင်ငံတော်က အထူးအားပေးဆောင်ရွက်လျက်ရှိသည့် MSME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိ၍ အဆိုပါလုပ်ငန်းများကို မြန်ဆန်၍ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ဦးစားပေး၍ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊

ပိုမိုအောင်မြင်လာစေရေး

ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့တွင် (၂၀၂၂)ခုနှစ်အတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆုရ မြို့နယ်သုံးခုနှင့် (၂၀၂၂) ခုနှစ်အတွက် စံပြဆေးရုံဆုသုံးခုကို ရွေးချယ်၍ ဆုချီးမြှင့် မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဆုရမြို့နယ်များနှင့် စံပြဆေးရုံများ၏ လုပ်ငန်းဆောင်ရွက်မှု များကို စံနမူနာအဖြစ်သိရှိ၍ အခြားသူများက လိုက်ပါဆောင်ရွက်ခြင်းဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယခုထက် ပိုမိုအောင်မြင်လာစေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် ဗီဒီယိုကိုပြသခဲ့ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်း စွမ်းဆောင်ရည်အကောင်းဆုံးမြို့နယ်ဆုနှင့် စံပြဆေးရုံဆုများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်ပြခန်းငယ်အား ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment