Tuesday, April 11, 2023

ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 


ရန်ကုန် ဧပြီ ၁၀

၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲနိုင်ရန်အတွက် အစီအစဉ်များစွာပါဝင်သည့် လမ်းလျှောက်သင်္ကြန်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 




ယခုနှစ်တွင် ရန်ကုန်မြို့တော်ရေသဘင်မဏ္ဍပ်အပြင် ပြည်သူ့ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်အစီအစဉ်ကို ထည့်သွင်းစီစဉ်ထားရှိပြီး ထိုလျှောက်လမ်းတစ်လျှောက်၌ နွေအပူကို သင်္ကြန်ရေနှင့်အတူ ရောင်စုံထီးအရိပ်တို့က အကာအကွယ်ပေးလျက်ရှိသည့်အပြင် မြန်မာ့ရိုးရာ ထန်းလက်တဲများတွင် အနားယူအပန်းဖြေနိုင်ရန်အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံဆောင်ရွက်ထားသည်။

“ဒီနှစ်ထူးခြားတာက ပြည်သူ့ရင်ပြင်မှာရေကစားမဏ္ဍပ် ၁၂ ခုနဲ့ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းထားပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေ၊ စတုဒိသာမဏ္ဍပ်တွေနဲ့ ရေကစားရင်း အလွယ်တကူ ဝယ်ယူစားသုံးနိုင်အောင် ဈေးဆိုင်ခန်းတွေ စီမံပေးထားပါတယ်။ ပြည်သူတွေအတွက် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်တွေများတဲ့အတွက် တစ်နေ့တာအပန်းဖြေဖို့ အကောင်းဆုံးနေရာတစ်ခုပါ။ ပြည်သူ့ရင်ပြင်ဆိုတာ ပွဲတော်တွေဆက်တိုက် ပြုလုပ်ခဲ့တဲ့နေရာဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သိရှိနေပြီဖြစ်ပါတယ်။ ပျော်ရွှင်စရာနေရာတစ်ခုအဖြစ် အသိအမှတ်ပြုထားကြတယ်။ ဒါကြောင့် ဒီနှစ် သင်္ကြန်မှာ ပြည်သူတွေစိတ်အေးလက်အေးနဲ့ ရေသဘင်ဆင်နွှဲနိုင်အောင် စီမံဆောင်ရွက်ပေးထားတာပါ။ လမ်းလျှောက်သင်္ကြန်မှာ ရေမှုန်ရေမွှားပက်ဖျန်းပေးထားတဲ့အတွက် အပူဒဏ်လျော့ပါးအေးမြစေဖို့ အသင့်ဆောင်ရွက်ထားပြီးပါပြီ”ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးအောင်က ပြောကြားသည်။

စနစ်တကျတည်ဆောက်ထား

လမ်းလျှောက်သင်္ကြန် အစီအစဉ်တွင်ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များဖြစ်သည့် နွေဦးကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့တူးပို့၊ ပိတောက် မျက်နှာ၊ နှစ်သစ်မင်္ဂလာနှင့် ပန်းမျိုးတစ်ရာစသည့် မဏ္ဍပ်များအပြင် စတုဒိသာ မဏ္ဍပ်များနှင့် အများပြည်သူ အလွယ်တကူဝယ်ယူစားသုံးနိုင်သည့် စားသောက်ဆိုင်ခန်းများကို စနစ်တကျ တည်ဆောက်ထားသည်။

အထူးသဖြင့် လမ်းလျှောက်သင်္ကြန်တွင် ပျော်ရွှင်စွာဆင်နွှဲကာ မြူးကြွသည့် တေးသီချင်းများနှင့် လှပသည့် သင်္ကြန်ယိမ်းအကတို့ကို နံနက် ၈ နာရီမှ ည ၉ နာရီအထိ ကြည့်ရှုနားဆင်နိုင်မည်ဖြစ်ပြီး ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့အစည်းများက ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် သင်္ကြန်ယိမ်းအဖွဲ့ ၆၈ ဖွဲ့တို့က ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ - သတင်းစဉ်

ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment