သိုက်စိုးထွန်း (နတ်ရွာ)
ဘဝခရီးကိုလျှောက်လှမ်းရာမှာ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေချနေရတယ်။ အလေးအပေါ့ အတိမ်အနက်ကွာပေမယ့် ဆုံးဖြတ်ချက်တွေကတော့ ချနေရတယ်။ မုန့်ဟင်းခါးဆိုင်မှာ ထိုင်နေရင်း မှာလုဆဲဆဲ မုန့်ဟင်းခါးပွဲကို ဘဲဥနဲ့ကောင်းမလား၊ အကြော်နဲ့အဆင်ပြေမလား စဉ်းစားရတာမျိုးကနေ ဘဝတစ်ခုလုံးနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက်တွေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေအထိပေါ့။ ကိစ္စရပ်တစ်ခုချင်းအပေါ်မူတည်ပြီး အချိန်ဘယ်လောက်ယူရမယ်၊ ဘယ်အတိုင်းအတာအထိ အလေးအနက်ထားသင့်တယ် ဆိုတာမျိုးတွေ ခြားနားသွားမှာပေါ့။
ဆုံးဖြတ်ချက်တွေမချခင်မှာ
ဆုံးဖြတ်ချက်ဆိုတာတွေ မချခင်မှာ ရွေးချယ်စရာတွေရှိနေတတ်တယ်။ ဘယ်လိုနည်းလမ်းမျိုးမှ ရွေးချယ်စရာမရှိတော့တဲ့ အနေအထားမို့လို့ရှိနေတဲ့ တစ်ခုတည်းသောလမ်းကို လျှောက်လိုက်ရတာမျိုးကတော့ ဖြစ်တောင့်ဖြစ်ခဲ ခြွင်းချက်ဆိုပါတော့။ ဒါတောင်မှပဲ ရွေးချယ်စရာတွေရှိနေပါလျက်နဲ့ ဒါတွေကို မသိ၊ မမြင်မိ၊ သတိမထားမိခဲ့တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒီနေရာမှာ ပြောချင်တဲ့ကိစ္စကတော့ ဆုံးဖြတ်ချက်တွေမချခင်မှာထည့်သွင်း စဉ်းစားသင့်တာလေးတွေပါ။
ဒီနေ့မနက် ဘာဟင်းနဲ့စားပြီး နေ့လယ်ခင်းမှာ ဘယ်ကိုသွားလိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး အတွက် သိပ်ခက်ခက်ခဲခဲစဉ်းစားနေဖို့ မလိုပေမယ့် ကိုယ်ချမှတ်ဆုံးဖြတ်ချက်က ကိုယ့်ရဲ့တစ်ကိုယ်ရေ တစ်ကာယအရေးကို ကျော်လွန်ပြီး မိသားစု၊ ပတ်ဝန်းကျင်၊ အဖွဲ့အစည်းဆိုတာမျိုးတွေအထိ အကျိုးအပြစ် သက်ရောက်မှုတွေရှိလာနိုင်တာမျိုးဆိုရင်တော့ အသေအချာစဉ်းစားဖို့ လိုလာပါပြီ။
ပြဿနာက ဘာလဲဆိုတာ
ဆုံးဖြတ်ချက်ချဖို့လိုပြီဆိုမှတော့ ဒါကအခက်အခဲပြဿနာတစ်စုံတစ်ရာရှိနေပြီ၊ ဒါမှမဟုတ် အလေးအနက်စဉ်းစားရမယ့် အကြောင်းအရာ တစ်ခုရှိနေပြီဆိုတဲ့သဘောပါ။ ဒီလိုဆိုရင် ပြဿနာ က ဘာလဲဆိုတာကို သေချာသဘောပေါက်အောင်ကြည့်ဖို့ အရေးကြီးတယ်။ ပြဿနာကို အဓိပ္ပာယ် ဖွင့်ဆိုပုံလွဲသွားရင် ဖြေရှင်းနည်းလည်းမှားသွားတတ်တယ်။ ဖြေရှင်းနည်းမှားသွားရင် ဆေးမှား သောက်မိသလိုမျိုး မူလရောဂါ မပျောက်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေရဲ့ နောက်ဆက်တွဲဝေဒနာတွေပါရလာနိုင်တာမျိုး။ တကယ်ကို သတိထားမှ တန်ကာကျမှာပါ။ ပြဿနာကဘာလဲ၊ ကိုယ်က ဘယ်နေရာမှာလဲ၊ ဒီအခက်အခဲပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကိုယ့်မှာ ဘယ်အတိုင်းအတာ အထိတာဝန်ရှိသလဲ၊ ဖြေရှင်းနိုင်စွမ်းကရော ဘယ်လောက်ရှိသလဲ၊ ဒီအခြေအနေတွေအပေါ် ကိုယ့်အမြင်က ဘယ်လိုရှိသလဲ၊ တခြားသူတွေရဲ့ အမြင်ကရော ဘယ်လိုရှိနိုင်မလဲ၊ ကိုယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာတွေကို သေချာချင့်ချိန်သုံးသပ်ရမှာပေါ့။
ကိုယ်သိနေတာထက် ပိုသိနေတဲ့သူ
သုံးသပ်တယ်ဆိုတာမျိုးကလည်း ကိုယ့်တစ်ယောက်တည်းစဉ်းစားနေရုံနဲ့ လုံလောက်ပြီ ဆိုတာမျိုးမရှိပါဘူး။ လူ့အသိဉာဏ်က အကန့်အသတ်ရှိတယ်။ ပထမဆုံးတော့ ဒီတစ်ချက်ကိုလက်ခံဖို့ တော်တော်အရေးကြီးတယ်။ ကိုယ်ကိုယ်တိုင်က ဒါမှမဟုတ် ကိုယ့်အဖွဲ့အစည်းက အရာအားလုံးကို တတ်သိနားလည်နေပြီဆိုတဲ့ ထင်မြင်ယူဆချက်မျိုး ရှိနေရင် ဒီလိုအယူအစွဲမျိုးကို မြန်မြန်ပယ်လိုက် သင့်တယ်။ အရာအားလုံးကို တတ်သိနားလည် နေပြီဆိုတဲ့အနေအထားမျိုးက သာမန်လူတွေအတွက် မရနိုင်၊ မရောက်နိုင်တဲ့ အနေအထားမျိုးပါ။ ကိုယ်ကသာမန်ထက် ထူးကဲသာလွန်တဲ့ပုဂ္ဂိုလ်မျိုးလို့ ကိုယ့်ကိုယ်ကိုယ် အထင်ရောက်နေရင်တောင်မှ အဲဒီထူးချွန်ပြောင်မြောက်မှုက အကန့်အသတ်မဲ့၊ အနှိုင်းမဲ့ဆိုတဲ့ အခြေအနေမျိုးအထိ ရောက်နိုင်ဖို့ တကယ်ကိုခက်ခဲတယ်ဆိုတာကို သတိချပ်သင့် တယ်။ ပြောချင်တဲ့ အချက်ကတော့ စဉ်းစားပြီဆိုတဲ့ အခါတိုင်းမှာ ကိုယ်သိနေတာထက် ပိုသိတဲ့သူ ရှိနေနိုင်သေးတယ် ဆိုတဲ့အချက်ပါပဲ။ အဲသလိုပိုသိတဲ့ သူကကိုယ့်ရဲ့အနီးဆုံးမှာရှိနေတဲ့သူ ဖြစ်ချင်ဖြစ်နိုင်သလို အဝေးမှာလည်း ရှိနိုင်တယ်ပေါ့။ တိုင်ပင်ရမယ့်လူ ရှာရတာကလည်း ပေါ့ပေါ့တန်တန် သဘောမထား သင့်တဲ့ ကိစ္စတစ်ခုလို့ပဲ ဆိုကြပါစို့။
ကိုယ့်ရဲ့သိမြင်နိုင်စွမ်းက အကန့်အသတ်ရှိနေသလို ကိုယ်တိုင်ပင်ဆွေးနွေးတဲ့သူမှာလည်း
သူ့အတိုင်းအတာ၊ သူ့အကန့်အသတ်နဲ့သူရှိမှာပေါ့။ ဒါကသဘာဝကျတဲ့ကိစ္စတစ်ခုပါ။ အကန့်အသတ်
ရှိတဲ့သူချင်းအတူတူ တိုင်ပင်ဆွေးနွေးလိုက်တော့ တစ်ယောက်တည်းစဉ်းစားတဲ့အဖြေထက် ပိုကောင်း
တဲ့ အဖြေဘက်ကို နီးစပ်လာနိုင်တာပေါ့။ တစ်ယောက်မက နှစ်ယောက်၊ သုံးယောက်၊ လေး ငါးယောက်နဲ့
တိုင်ပင်ရင်တော့ စောစောကထက် ပိုကောင်းတာပေါ့။ ဒါဆိုဒီထက်ပိုကောင်းတဲ့ အနေ အထားရောရှိဦးမလား။
ရှိပါသေးသတဲ့။ ဒါကတော့ အချက်အလက်ကိုအခြေခံတဲ့ စဉ်းစားသုံးသပ်မှု၊ သုတေသနအပေါ်အခြေခံတဲ့
စဉ်းစားသုံးသပ် ဆုံးဖြတ်မှုတွေပါပဲတဲ့။
သုတေသနအပေါ် အခြေခံတဲ့ စဉ်းစားသုံးသပ်မှု
သုတေသနနယ်ပယ်မှာရော သုတေသန မဟုတ်တဲ့နယ်ပယ်မှာပါ အချက်အလက်တွေကို သုံးကြရတာချင်းတူပါတယ်။ ဒါပေမယ့် မတူတာက ယူပုံယူနည်းနဲ့၊ ချဉ်းကပ်သုံးသပ်ပုံ နည်းလမ်းတွေပေါ့။ သုတေသနမှာကျတော့ စံနှုန်းတွေရှိတယ်၊ သတ်မှတ်ချက်တွေရှိတယ်။ ဘယ်အချက်အလက်က ခိုင်မာတယ်၊ ဘယ်အချက်အလက်က မခိုင်မာဘူး၊ ဘယ်ဟာက ယုံကြည်လက်ခံနိုင်လောက်တဲ့ အရင်းအမြစ်၊ ဘယ်ဟာကတော့ သူနဲ့ဆန့်ကျင်ဘက် ဆိုတာမျိုးတွေပေါ့။ ကိန်းဂဏန်း အချက်အလက် ဆိုရင်လည်း ဘယ်ပုံဘယ်နည်း တွက်ချက်ပြီးမှ သုံးသပ်နိုင်မယ်ဆိုတာတွေ၊ အများရဲ့ သဘောထား အမြင်စစ်တမ်း ကောက်ယူရမယ်ဆိုရင်လည်း ဘယ်ပုံဘယ်နည်းနဲ့မေးတာက ကျင့်ဝတ်နဲ့ညီပြီး ဘယ်ပုံဘယ်နည်းကတော့ စံနှုန်းတွေကနေ သွေဖည်နေတယ်ဆိုတာတွေ၊ ရလာတဲ့သဘောထား အမြင်တွေကို ဘယ်လိုချဉ်းကပ်သုံးသပ်ပြီးမှ ကောက်ချက်ချသင့်တယ်ဆိုတာတွေကို ပညာရှင်တွေက တင်ပြထားကြတယ်။ ဒီစံနှုန်းတွေနဲ့အညီ သုတေသနပြုပြီးတော့ ရလာတဲ့အဖြေက ကိုယ့်တစ်ယောက်တည်း စဉ်းစားထားတဲ့အဖြေထက် ပိုကောင်းသလို နှစ်ယောက်သုံးယောက်၊ လေးငါးယောက်နဲ့၊ အစုအဖွဲ့နှစ်ခုသုံးခုနဲ့ တိုင်ပင်ညှိနှိုင်း ပြီးရလာတဲ့ အဖြေထက်လည်း ပိုကောင်းဖို့အလား အလာများတယ်။
သတင်းအချက်အလက်တွေ၊ ကိန်းဂဏန်းအချက်အလက်တွေကို နည်းလမ်းတကျ လေ့လာ ဆန်းစစ်ကြည့်ခြင်းအားဖြင့် ပကတိအခြေအနေတွေ၊ အခက်အခဲပြဿနာတွေ၊ နောင်မှာဖြစ်လာနိုင်ခြေရှိတဲ့ အလားအလာတွေကို သိမြင်နိုင်ခွင့်၊ ခန့်မှန်းနိုင်ခွင့်ရသွားတယ်။ အားနည်းချက်တွေကို လျော့ပါးပြေပျောက်သွားအောင် ပြုပြင်နိုင်ခွင့် ရသွားသလို အားသာချက်တွေကိုလည်း ကောင်းသည်ထက်ကောင်းလာအောင် မွမ်းမံနိုင်ခွင့် ရသွားတယ်။ မဖြစ်သေးတဲ့ပြဿနာ၊ မကြီးထွား သေးတဲ့ပြဿနာတွေကိုလည်း အချိန်မီသိခွင့်၊ ဖြေရှင်းခွင့်ရသွားတယ်။ ဖြစ်နိုင်ခြေရှိတာတွေကို ခန့်မှန်းတာချင်းအတူတူ သာမန်အမြင်၊ အကြားနဲ့၊ ကိုယ့်ထင်မြင်ယူဆချက်နဲ့ ခန့်မှန်းတာထက် အချက်အလက်အပေါ်အခြေခံတဲ့ ခန့်မှန်းသုံးသပ်မှု၊ သုတေသနအပေါ်အခြေခံတဲ့ ခန့်မှန်းသုံးသပ်မှုက တိကျနိုင်ခြေဘက်ကို ပိုနီးစပ်တယ်။ အမှား အယွင်းတွေကို ရှောင်နိုင်ဖို့အခွင့်အလမ်း ပိုနီးစပ် လာတယ်။ ဒါကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက် တွေကို အချက်အလက်အခြေခံတဲ့ ချဉ်းကပ်မှု၊ သုတေသနကိုအခြေခံတဲ့ စဉ်းစားသုံးသပ်မှုတွေနဲ့ ဆောင်ရွက်သင့်တယ်။
သုတေသနရဲ့ရည်ရွယ်ချက်ကိုက ကိစ္စတစ်ခုခု၊ ပြဿနာတစ်ခုခုနဲ့ပတ်သက်လို့ ခြေခြေမြစ်မြစ်သိရှိ နိုင်ဖို့ လေ့လာဆန်းစစ်တာမို့ ရလာတဲ့ရလဒ်က ထိုက်သင့်တဲ့တန်ဖိုးတစ်ခုတော့ ရှိနေတာပါပဲ။ သုတေသနတွေ ဆောင်ရွက်ခြင်းအားဖြင့် သက်ဆိုင်ရာနယ်ပယ်တွေမှာ သိမြင်နားလည်မှု နယ်ပယ်အဝန်းအဝိုင်း ပိုပြီးကျယ်ပြန့်သွားစေတယ်။ ပိုပြီးထဲထဲဝင်ဝင်သိလာတယ်။ ဒီကနေတစ်ဆင့် အသိသစ်အမြင်သစ်၊ အတွေးအခေါ်အယူအဆသစ်၊ သီအိုရီအသစ်တွေပေါ်လာတယ်။ ဒီအသစ်၊ အသစ်တွေကြောင့်ပဲ အချိန်နဲ့အမျှ တိုးတက်မှုတွေဖြစ်လာတယ်လို့ဆိုရမှာပေါ့။
ယုံကြည်စိတ်ချရတာချည်းပဲလို့တော့ မဆိုနိုင်
သုတေသနလုပ်ငန်းတစ်ခုက ထွက်လာတဲ့ရလဒ်မှန်သမျှ ယုံကြည်စိတ်ချရတာချည်းပဲလို့တော့ မဆိုနိုင်ဘူးပေါ့။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်သလဲ၊ အချက်အလက်တွေကို ဘယ်လို ရယူ စုဆောင်းခဲ့သလဲ၊ ဘယ်အချိန်ကာလကလဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်နယ်ပယ်မှာလဲ၊ ဘယ်အရင်း အမြစ်တွေက ရယူခဲ့သလဲ၊ ရလာတဲ့အချက်အလက်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ခွဲခြမ်းစိတ်ဖြာ ခဲ့သလဲ၊ ဘယ်အတိုင်းအတာအထိ တိကျသလဲ၊ ဘယ်အတိုင်းအတာအထိ လွဲနိုင်ခြေရှိသလဲ၊ သုတေသီကိုယ်၌က သုတေသနကျင့်ဝတ်တွေကို ဘယ်လောက်လိုက်နာခဲ့သလဲ၊ ပညာရပ်ဆိုင်ရာ အရည်အချင်းနဲ့ ဘယ်အတိုင်းအတာအထိ ပြည့်စုံသလဲဆိုတာတွေမူတည်ပြီးတော့ ရလဒ်ရဲ့တန်ဖိုး ကလည်း ကွာသွားမှာပေါ့။ ကျင့်ဝတ်တွေကနေ သွေဖည်သွားတဲ့သူတွေလည်း ရှိတော့ရှိတတ်ပါ တယ်။ အကြောင်းအရာတစ်ခုရဲ့ ပကတိ အနေအထားကို လေ့လာဖို့ဆိုတာထက် နဂိုရှိရင်းစွဲ ယုံကြည်ချက်ကို မှန်ကန်ကြောင်း သက်သေပြချင်တာနဲ့ပဲ ကိုယ်လိုချင်တဲ့အဖြေနဲ့ နီးစပ်တဲ့သတင်း အချက်အလက်တွေကိုပဲ ရှာကြံဖော်ထုတ်ပြီး မူလယူဆချက်မှန်ပါတယ်လို့ သက်သေပြတဲ့ကိစ္စမျိုးပေါ့။ ဒီလိုမျိုးလည်း ရှိတော့ရှိတတ်တယ်။ ဒီလိုလုပ်ရင် လည်း ပညာရှင်အသိုင်းအဝိုင်းက ရေရှည်လက်ခံမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သာမန်အားဖြင့်တော့ သုတေသနရလဒ်တွေကိုအခြေခံပြီး စဉ်းစားသုံးသပ် တဲ့အလုပ်က မှားနိုင်ခြေနည်းတယ်လို့ပဲ ပြောရမှာပေါ့။ သုတေသနကို အလေးထားတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို ကြည့်လိုက်ရင် ဆုံးရှုံးမှုနည်းပြီး အောင်မြင်မှု ဘက်ကိုပဲ အချိန်နဲ့အမျှ ခရီးဆက်လာနိုင်ကြတာကိုတွေ့ရမှာပါ။ ဒါ့ကြောင့် အဖွဲ့အစည်းတွေကိုယ်တိုင်က သုတေသနတွေကို စဉ်ဆက်မပြတ်ပြုနေသင့်သလို ကိုယ့်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး သုတေသန ပြုလာရင်လည်း ထိုက်သင့်တဲ့အားလျော်စွာ ပူးပေါင်းဆောင်ရွက်သင့်၊ အားပေးကူညီသင့်တယ်။
ပူးပေါင်းကူညီဖို့ တုံ့ဆိုင်းနေ
သုတေသနလုပ်ငန်းတွေကို အားပေးသင့်တာ မှန်ပေမယ့် တချို့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ကျတော့လည်း ပူးပေါင်းကူညီဖို့တုံ့ဆိုင်းနေမိတတ် ကြတယ်။ ဒီသုတေသနမှာ ကိုယ်ပါဝင်ပူးပေါင်း လိုက်ရင် ကိုယ်နဲ့ကိုယ့်အဖွဲ့အစည်းရဲ့ အားနည်းချက် တွေကို သုတေသီဘက်က သိသွားလေမလား၊ ရှိနေတဲ့ အားနည်းချက်တွေကို ကိုယ်တိုင်သက်သေ ပြလိုက်မိသလိုဖြစ်သွားလေမလား၊ ကိုယ့်ဆီက ပေးလိုက်တဲ့ အချက်အလက်တွေကို မလျော်မကန် အသုံးပြုတာမျိုးတွေ ဖြစ်သွားနိုင်မလားဆိုတာမျိုးတွေ တွေးပူမိကြတာမျိုးလည်း ဖြစ်နိုင်တယ်။ အားနည်းချက်၊ အားသာချက်တွေကတော့ ပေါ်လာမှာပေါ့။ ဒါကိုတော့ မစိုးရိမ်သင့်ပါဘူး။ အားနည်းချက်ကိုသေချာသိပြီးမှ အားသာချက်ဆီရောက်အောင်သွားဖို့အဆင်ပြေမှာပါ။ သုတေသနနည်းလမ်းရဲ့လိုအပ်ချက်အရဖြစ်ဖြစ်၊ သုတေသီရဲ့ဆင်ခြင်သုံးသပ်နိုင်စွမ်း လိုအပ်ချက်အရပဲဖြစ်ဖြစ် အခြေအနေမှန်နဲ့မကိုက်တဲ့ရလဒ်မျိုး ပေါ်လာတာ မျိုးလည်း ဖြစ်တော့ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် မမှန်ကန်တဲ့ရလဒ်၊ ဒါမှမဟုတ် အရည်အသွေး မပြည့်တဲ့ရလဒ်အတွက်က သုတေသီမှာပဲ တာဝန်ရှိနေမှာပါ။ နောက်တစ်ချက်၊ ကိုယ်ပေးလိုက်တဲ့ သတင်းအချက်အလက်ကို မလျော်မကန်သုံးတာမျိုး ဖြစ်နိုင်မလား ဆိုတာကျတော့ တစ်ဖက်က လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းရဲ့ သုတေသနကျင့်ဝတ်တွေ အပေါ်မူတည်သွားမှာပါ။ ဒီလိုသံသယမျိုး ဝင်နေပြီ ဆိုရင် အစကတည်းက ပူးပေါင်းကူညီမှုမပြုဘဲ နေနိုင်သလို ရောက်တဲ့အဆင့်မှာပဲ ရပ်ထားပိုင်ခွင့် လည်းရှိတယ်။ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့ သုတေသနပညာရှင်တွေနဲ့ ပတ်သက်ရင်တော့ ဒီလို ပြဿနာမျိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ထားပါတော့။
အလေးအနက် သုံးသပ်ဆုံးဖြတ်ရမယ့် အကြောင်း အရာတစ်ခုကလည်းရှိနေပြီ၊ နည်းလမ်းတကျ ဆန်းစစ်လေ့လာထားတဲ့ ရလဒ်တစ်ခုကလည်း ရှိနေပြီ၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကလည်း ရှိနေပြီ၊ နည်းလမ်းတစ်ခုချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်းသိနေပြီ၊ နည်းလမ်း တစ်ခုချင်းစီရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း ထိုက်သင့်သလောက် ခန့်မှန်းမိနေပြီ ဆိုရင်တော့ လျော်ကန်သင့်မြတ်တဲ့ ဆုံးဖြတ်ချက် တစ်ခုချမှတ်နိုင်ဖို့ အလားအလာကောင်းသွားပြီလို့ ပြောရမှာပေါ့။
အချက်အလက်အခြေပြုစဉ်းစားမှု၊ သုတေသန အခြေပြုစဉ်းစားမှုဆိုတာတွေဘက်ကို တတ်နိုင်သမျှ ဦးတည်နေကြရမှာပါပဲ။ ။
No comments:
Post a Comment