နေပြည်တော် ဧပြီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင်
လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တံတားဦး ကျေးရွာနှင့်
အောင်မြင်ကုန်း ကျေးရွာ တို့တွင် လူနေအိမ်များအား စနစ်တကျအကွက်ဖော်ပြီး ပြန်လည်တည်ဆောက်ပေးနိုင်ရေး၊
လျှပ်စစ်မီး ပြန်လည်ရရှိစေရေး၊ လေဘေးသင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး
ထိုးနှံပေးနိုင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း၊ ယာယီနေထိုင်နိုင်ရေးအတွက်
အမိုးအကာများ စီစဉ်ဆောင်ရွက်ပေးရေး၊ သောက်သုံးရေရရှိရေး၊ ဘုန်းတော်ကြီးကျောင်းနှင့်
စာသင်ကျောင်း များအား အမြန်ဆုံးပြန်လည် ပြုပြင်ပေးစေလိုကြောင်း၊ အလှူရှင်များမှ လာရောက်
လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား စနစ်တကျပြန်လည်ခွဲဝေပေးနိုင်ရေးတို့ကို ဌာနဆိုင်ရာများ
အနေဖြင့် အလေးထား၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်
နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ယာယီနေထိုင်နိုင် ရေးအတွက် အမိုးအကာ
ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများ၊ ရေရရှိရေးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လျှပ်စစ်မီးသွယ်တန်းနေမှု အခြေအနေများ၊ ထောက်ပံ့ငွေနှင့်
ပစ္စည်းများလက်ခံရရှိမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)
No comments:
Post a Comment