Wednesday, April 19, 2023

ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ ရည်မှန်းချက်ပန်းတိုင်တက်လှမ်း

 

မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အမိမြန်မာနိုင်ငံတော်၏ မြေပေါ်တွင် နှစ်ပေါင်းထောင်ချီ အတူတကွ နေထိုင်ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ပေါင်းသင်းဆက်ဆံမှုတို့တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အမှီသဟဲပြု၍ အကျိုးစီးပွားဖြစ်ထွန်းအောင် စိတ်တူကိုယ်တူညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ပြည်ထောင်စုဖွားအားလုံးတို့သည် တရားတော်အရ အဆွေခင်ပွန်းများဖြစ်ကြသည်။

အကျိုးစီးပွားဖြစ်ထွန်းမည့်ကိစ္စများ၊ ဖြေရှင်းရမည့်ကိစ္စများ ပေါ်ပေါက်သည့် အခါ၌ အဆွေခင်ပွန်းများဖြစ်ကြ၍ ပူးပေါင်းညှိနှိုင်း လက်တွဲဆောင်ရွက်ခဲ့ကြသည်။ ရာသီဥတု၊ သဘာဝဘေးဒဏ်၊ ပြည်ပသူစိမ်းတစ်ရံဆံများ ကျူးကျော်ဝင်ရောက် သည့်အန္တရာယ်စသော ထူးခြားသည့်ဖြစ်ရပ်များ၊ အရေးကိစ္စများပေါ်ပေါက်သော အခါ၌ ကိုယ့်အစုအဖွဲ့နှင့် ကိုယ်ချည်း ဖြေရှင်း၍မရ၊ နှစ်ပေါင်းများစွာအတူတကွ နေထိုင်လာခဲ့ကြသည့် အဆွေခင်ပွန်းများအချင်းချင်း ပေါင်းစည်းညီညွတ်စွာဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ဖြေရှင်းခဲ့ကြသည်။ ကာကွယ်ခဲ့ကြသည်။ တည်ဆောက်ခဲ့ ကြသည်။ အရေးကြီးလျှင် သွေးစည်းနိုင်ခဲ့ကြသည်။

မိမိတို့အကျိုးစီးပွားများကို အခြေခံ၍မိမိတို့အားလုံးနေထိုင်သည့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်မည်ဟူသော စိတ်ဓာတ်သည် ပြည်ထောင်စုစိတ်ဓာတ် ပင်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အလံတော် တစ်ခုတည်းအောက်တွင်ရှိသည့် နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်း၊ မည်သည့်ဒေသတွင်မဆို နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ တစည်းတလုံးတည်းရှိလိုသော စိတ်ဓာတ်ပင်ဖြစ်သည်။ တစ်ခုတည်းသောအမိမြေ၊ အဖနိုင်ငံတော်ကြီးကို တစ်စိတ်တစ်ဝမ်းတည်း ချစ်ခင်မြတ်နိုး တန်ဖိုးထားပြီး အေးချမ်းသာယာအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းကာကွယ်ဆောင်ရွက် ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ခြင်းဖြစ်သည်။

မိသားစုတစ်ခုရဲ့အသက်ဟာ မိသားစုစိတ်ဓာတ်ဖြစ်သလို ပြည်ထောင်စုတစ်ခုရဲ့အသက်ဟာလည်း ပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး မှီခိုရှင်သန်ရာပြည်ထောင်စုရဲ့ အရိပ်အာဝါသကို အသက်သဖွယ် မြတ်နိုးတန်ဖိုးထားပြီး စုပေါင်းဆောင်ရွက်ကြရင် နိုင်ငံတိုးတက်မှု အရှိန်အဟုန်ကောင်းတွေဟာ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့သွားလိုတဲ့ ပန်းတိုင်ကို မဖြစ်မနေရောက်ရှိမယ်လို့ ယုံကြည်ပါတယ်” ဟု မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်သစ်ကူး အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့သည် ကုန်လွန်ခဲ့သောနှစ်ကာလများအတွင်း စိန်ခေါ်မှုပေါင်းများစွာတို့ကို ကြုံတွေ့ခံစားခဲ့ကြရသည်။ အဆိုပါ စိန်ခေါ်မှုများစွာတို့ကို “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် ခံယူချက်အတိုင်း ပြည်ထောင်စုသားအားလုံး တစ်ဦးနှင့်တစ်ဦး အားပေးကူညီရိုင်းပင်းပြီး ကျော်လွှားနိုင်ခဲ့သည်။ အခက်အခဲများကို ကြံ့ကြံ့ခံပြီး လက်တွဲပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။ ဤသို့ဖြတ်သန်းနိုင်ခဲ့ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ် အခြေခံရှိနေ ခြင်းကြောင့်ဖြစ်သည်။

မည်သည့်အရေးကိစ္စ ပေါ်ပေါက်လာလျှင်မဆို ပြည်ထောင်စုသားအားလုံးတို့၏ စည်းလုံးညီညွတ်မှုသည် အရေးအကြီးဆုံးဖြစ်သည်။ ပြည်ထောင်စုသားများ၏ စည်းလုံးညီညွတ်မှုအားသည် ပဓာနအကျဆုံးဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း အေးချမ်းသာယာစွာဖြင့် အဓွန့်ရှည်ကြာအောင် နေထိုင်ခဲ့ကြပြီးဖြစ်သည်။ ဖြစ်ပေါ်လာသမျှအရေးကိစ္စအားလုံးကို လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားများ ကောင်းကျိုးအဖြာဖြာ ဖြစ်ထွန်းလာစေရန်အတွက် ပြည်ထောင်စုသားများ၏ဦးဆောင်မှု၊ လိုက်နာဆောင်ရွက်မှု၊ ပြုပြင်ဖန်တီးမှုများ သည် အဓိကကျသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ကျရာအခန်းကဏ္ဍမှ မိမိတို့၏လုပ်ကိုင်ဆောင်ရွက်မှုများကို စိတ်ပါလက်ပါချစ်ခင်လေးစားစွာဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဆိုလျှင် အားလုံးမျှော်မှန်းထားသည့် ပန်းတိုင်သို့ရောက်ရှိမည်မှာ ဧကန်ဖြစ်သည်။

တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဒီမိုကရေစီပန်းတိုင်သို့ လျှောက်လှမ်းရာတွင် တိုင်းပြည်ငြိမ်းချမ်းသာယာရေးသည် မဖြစ်မနေအရေးကြီးသော လိုအပ်ချက်ဖြစ်သည်။ တိုင်းပြည် မတည်ငြိမ်မငြိမ်းချမ်းသရွေ့ တိုးတက်မှုများနှောင့်နှေးပြီး မျှော်မှန်းထားသည့်ပန်းတိုင်နှင့် အလှမ်းဝေးနေမည်ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းထားသည့် ဒီမိုကရေစီပန်းတိုင်သို့ မနှေးအမြန်ရောက်ရှိနိုင်ရန်အတွက် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံသည့် စည်းလုံးညီညွတ်မှုဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါ ကြောင်း။         


No comments:

Post a Comment