Tuesday, April 4, 2023

အသိပညာ၊ အတတ်ပညာများတိုးတက်ရေး မျိုးဆက်သစ်များဘဝမြှင့်တင်


နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အသိပညာ၊ အတတ်ပညာရှင်များ ပေါများခြင်းသည် အဓိကအချက်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတိုင်းနိုင်ငံတိုင်းသည် အသိပညာရှင်၊ အတတ်ပညာရှင်များပေါများရေးအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးဆောင်ရွက်ကြသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများကိုကြည့်လျှင် အသိပညာရှင်၊ အတတ်ပညာရှင်များ လုံလောက်စွာရှိပြီး နိုင်ငံတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။

အဆင့်မြင့်အတတ်ပညာ၊ အသိပညာနှင့် နည်းပညာရပ်များကို သင်ကြားလေ့ကျင့်ပေးပြီး အတွေးအမြင် ဆင်ခြင်တုံတရားနှင့် ကိုယ်ကျင့်တရားများကောင်းမွန်လာအောင် ပဲ့ကိုင်ပေးသည့်ဌာနသည် တက္ကသီလာခေါ် တက္ကသိုလ်ကျောင်းတော်များဖြစ်သည်။ တက္ကသိုလ်များသည် တစ်ဦးချင်းကိုယ်စီ စွမ်းဆောင်ရည်မြင့်မားရေး၊ နိုင်ငံနှင့် ဒေသစွမ်းအားမြှင့်တင်ပေးရေး၊ နိုင်ငံနှင့်ဒေသတိုးတက်ရေးအတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးသည့်ဌာနဖြစ်သည်။ နိုင်ငံတစ်ခု၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးကို အသိပညာ၊ အတတ်ပညာနှင့် နည်းပညာရပ်များပြည့်စုံသည့် လူသားအရင်းအမြစ်များနှင့် တည်ဆောက်ရသဖြင့် အဆိုပါအရင်းအမြစ်များ အစဉ်မွေးထုတ်ပေးနေရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍကိုလေ့လာကြည့်ပါက ခေတ်အဆက်ဆက်တွင် ပညာရေးကို အားပေးမြှင့်တင်ပေးနေသော်လည်း အကြောင်းအမျိုးမျိုးဖြင့် တန်းစဉ် ကူးပြောင်းမှုနည်းပါးခဲ့သဖြင့် အဆင့်မြင့်ပညာတတ်များနည်းပါးနေသည်ကိုတွေ့ရ မည်ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်နေခြင်းသည် နိုင်ငံအတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။ ပညာရေးမြှင့်တင်မှု၌ လိုအပ်ချက်များရှိခဲ့သောကြောင့် နိုင်ငံတွင်အဘက်ဘက်၌ လိုအပ်ချက်များရှိပြီး အောင်မြင်မှုများ ရာနှုန်းပြည့်မရှိနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတစ်ခု၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာ၌ အသိပညာ၊ အတတ်ပညာများပြည့်စုံသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်သဖြင့် အသိပညာ၊ အတတ်ပညာ တိုးတက်ရေး၊ မျိုးဆက်သစ်များ၏ဘဝမြှင့်တင်နိုင်ရေးအတွက် သိစေချင်၊ တတ်စေချင်သည့် စေတနာအရင်းခံဖြင့် သင်ကြားရေးလုပ်ငန်းများကိုဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားထားသည်။

အသိပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ်ရာတွင် အခြေခံပညာအဆင့်၌ သင်ကြားပို့ချခြင်းကို အဓိကထားဆောင်ရွက်ပြီး အဆင့်မြင့်ပညာအဆင့်၌ တွေးခေါ်မြော်မြင် လေ့လာသင်ကြားခြင်းကို အဓိကထားဆောင်ရွက်ကြသည်။ ကျောင်းသား ကျောင်းသူများ၏အတွေးအခေါ်များ ကောင်းမွန်လာမည်ဆိုပါက ၎င်းတို့ဘဝ ကောင်းမွန်တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ နေရပ်ဒေသအသီးသီးမှ လာရောက်သင်ကြားကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်မှ အသိပညာ၊ အတတ်ပညာများအပြင် လူမှုစီးပွားပညာများပါ ရရှိစေရေးဖြည့်ဆည်းပေးရမည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေရာတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက်ရေး၊ ဒီမိုကရေစီ၏ အခြေခံဖြစ်သည့်ဥပဒေကို လေးစားလိုက်နာခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အသိအမြင်များရှိခြင်းတို့၌ အားနည်းချက်များရှိနေသည်။ ထိုအချက်ကို အသိပညာ၊ အတတ်ပညာစုံ သင်ကြားဖြည့်ဆည်းသင့်ကြပေသည်။ လူအများသည် စည်းကမ်း ဥပဒေဆိုင်ရာတို့၌ အသိအမြင်ဗဟုသုတများ ရှိဖို့လိုအပ်သည်။ ယခုအခါ ဥပဒေဆိုင်ရာတို့ကို သိရှိနားလည်စေရေးအတွက် တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်များကို သင်ကြားပေးလျက်ရှိသည်။ အလားတူ စီးပွားရေးနှင့်ပတ်သက်၍လည်း အသိအမြင်များရှိစေရန် စီးပွားရေးအခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်မှာ တက္ကသိုလ်ပညာများကို သင်ကြားပြီးနောက် ဘွဲ့ရရှိပြီးသူများအနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝများနှင့် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်သူများဖြစ်စေရန်အတွက် မျှော်မှန်းဆောင်ရွက်နေသည်။ ဆရာ ဆရာမများသည် ဘက်စုံပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေးအတွက် အဓိကအခန်းကဏ္ဍတွင်ရှိနေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်၌ တက္ကသိုလ်ပညာသင်ကြားရေးတွင် အထောက်အကူပြုစေရန်အတွက် ပညာရေးဆိုင်ရာ ဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့မှုများနှင့် နေထိုင်ရေးမှအစ လိုအပ်သည်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ ပညာရေးဆိုင်ရာအခြေခံအဆောက်အအုံများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။ အရည်အချင်းပြည့်ဝသောပညာရည်များ တိုးတက်လာစေရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတစ်ခု၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်လာအောင်တည်ဆောက်ရာ၌ အသိပညာ၊ အတတ်ပညာများပြည့်စုံသည့် လူသားအရင်းအမြစ်များလိုအပ်သဖြင့် အသိပညာ၊ အတတ်ပညာများတိုးတက်ရေး၊ မျိုးဆက်သစ်ဘဝများမြှင့်တင်နိုင်ရေးအတွက် သိစေချင်၊ တတ်စေချင်သည့် စေတနာအရင်းခံဖြင့် သင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။       

No comments:

Post a Comment