Tuesday, April 18, 2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက်ဆရာတော်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့်အဖွဲ့က သွားရောက်ဖူးမြော်

 


မန္တလေး ဧပြီ ၁၇

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ မန်းတောင်ရိပ်အထွေထွေရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူသီတင်းသုံးတော်မူနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်နေမှုအခြေအနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးကျော်ဆန်းတို့က ယမန်နေ့ညနေပိုင်း၌ သွားရောက်ဖူးမြော်ကြသည်။

စနစ်တကျဆောင်ရွက်ကုသပေးနေ

ဦးစွာ ဆရာတော်ကြီးအား ဖူးမြော်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို နှင့်အဖွဲ့ကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် အထူးကုဆရာဝန်ကြီးများက ဆရာတော်ကြီး၏ ကျန်းမာရေးတိုးတက် ကောင်းမွန်နေသည့်အခြေအနေ၊ အနီးကပ်ကြီးကြပ်ကာ စနစ်တကျ ဆောင်ရွက်ကုသပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဆရာတော်ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ အထူးဂရုစိုက်ဆောင်ရွက်သွားကြရန် အလေးအနက်ထားမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ်

ယခုအခါ ဆရာတော်ကြီးမှာ သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါရှိပြီး မန်းတောင်ရိပ် အထွေထွေရောဂါ ကုသဆောင်(ကိုးထပ်ဆေးကုသဆောင်) ငါးထပ်ရှိ အထူးသီးသန့်ခန်းတွင် လိုအပ် သော ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိရာ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။   

 သတင်းစဉ်

No comments:

Post a Comment