နေပြည်တော် ဧပြီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၌ ကျင်းပသည့် အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနအကြီးအမှူးများ၊ ကျောင်းသားမိဘများ၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကျောင်းဆင်းတပ်ခွဲကို စစ်ဆေးပြီး စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းတွင် ထူးချွန် ဆုရရှိခဲ့ကြသော စံပြအရာရှိလောင်း (ရေကြောင်း)ဆုရ သန့်လွင်အေး၊ စံပြအရာရှိလောင်း (အင်ဂျင်နီယာ)ဆုရ မင်းခန့်၊ စံပြအရာရှိလောင်း (လျှပ်စစ်နည်းပညာ)ဆုရ သာတအောင်၊ ကုန်သွယ်ရေကြောင်းအရာရှိလောင်း စာပေထူးချွန်ဆုရ ဘုန်းမြင့်မောင်၊ အင်ဂျင်နီယာအရာရှိလောင်း စာပေထူးချွန်ဆုရ နိုင်လင်း၊ လျှပ်စစ်နည်းပညာအရာရှိလောင်း စာပေထူးချွန်ဆုရ ကျော်ဇင်မျိုးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သည် သက်တမ်းအားဖြင့် ရွှေရတုနှစ် (၅၀)ကျော်ခဲ့ပြီဖြစ်ရာ စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်အထိ နိုင်ငံတော်အတွက် လိုအပ်သောရေကြောင်းပညာ မျိုးဆက်သစ်များကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးနေသော သမိုင်းအစဉ်အလာကြီးမားသည့် ရေကြောင်းဘက်ဆိုင်ရာ ကောလိပ်ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါကြောင်း၊ ကျောင်းဆင်းအရာရှိများအနေဖြင့် နိုင်ငံတကာရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ကျရာတာဝန်များကို ထမ်းဆောင်လျက်ရှိကြသကဲ့သို့ ဝန်ကြီးဌာနလက်အောက်ရှိ ရေကြောင်းဘက်ဆိုင်ရာကဏ္ဍများကို တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနများတွင်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ထမ်းဆောင်နေကြပါကြောင်း၊ မြန်မာနိုင်ငံကုန်သွယ်ရေ ကြောင်းကောလိပ်အနေဖြင့် သင်တန်းဆင်းအရာရှိလောင်းများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက်ပါ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရာရှိလောင်းများအနေဖြင့် သင်တန်းမှ လေ့ကျင့်သင်ကြားပေးခဲ့သည်များကို အခြေခံ၍ လုပ်ငန်းခွင်များတွင် ခေတ်မီအရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာကြစေရေး ကြိုးပမ်းအားထုတ်သွားကြရန် မှာကြားလိုကြောင်း။
နိုင်ငံတော်အကြီးအကဲ၏ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ စစ်ဆေးခဲ့သည့် ခရီးစဉ်တွင် “ရေကြောင်းကုန်သွယ်ရေးကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက အထောက်အကူပြုသည့် ကဏ္ဍဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်သည့် ရေကြောင်းပညာရှင်များဖြစ်လာအောင် လေ့ကျင့်မွေးထုတ်ပေးရန်”မှာကြားခဲ့ပါ ကြောင်း၊ ကျောင်းဆင်းအရာရှိလောင်းများအနေဖြင့် ကုန်သွယ်ရေယာဉ်များပေါ်တွင် တာဝန် ထမ်းဆောင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ၊ မိခင်ကျောင်းတော်ကြီး၏ ဂုဏ်သတင်းများ အစဉ်ကောင်းမွန်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန် အလေးထား တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြရန်၊ အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်း မျိုးဆက်သစ်ရေကြောင်း လူငယ်များဖြစ်အောင် ကြိုးစားကြရန်၊ မိမိနှင့်သက်ဆိုင်သည့် ပညာရပ်များကိုလည်း ခေတ်နှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် စဉ်ဆက်မပြတ်လေ့လာသင်ယူနေကြရန်၊ ရေကြောင်းပညာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး ကြိုးစားဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တက်ရောက်လာသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ကျောင်းဆင်းအရာရှိလောင်းများ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရ အရာရှိလောင်း(၆)ဦးနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံဂုဏ်ပြုစကားပြောကြားသည်။
ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄)၌ ရေကြောင်း အရာရှိလောင်း (၂၇)ဦး၊ ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်း (၅၀)၊ ရေကြောင်း လျှပ်စစ် နည်းပညာအရာရှိလောင်း (၆)ဦး စုစုပေါင်း (၈၃)ဦးတို့ တက်ရောက်အောင်မြင်ခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၃ ခုနှစ်မှ ယနေ့အထိ ရေကြောင်းပညာအရာရှိလောင်းနှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း စုစုပေါင်း (၅,၅၈၄)ဦးတို့ကို မွေးထုတ်ပေးခဲ့သည့်အပြင်၊ ပင်လယ်ပြင် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများအတွက် ရေကြောင်းအရာရှိ (၈၇,၃၇၉)ဦး၊ ရေကြောင်းအင်ဂျင်နီယာအရာရှိ (၂၈,၆၄၄)ဦး၊ ရေကြောင်းဘက်ဆိုင်ရာ အခြားအဆင့်သင်တန်းသား (၁၅၂,၂၁၉)ဦး၊ စုစုပေါင်း ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူ (၂၇၃,၈၂၆)ဦး လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အချိန်အထိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ သင်တန်းပြီးမြောက်ခဲ့သည့် အရာရှိလောင်းများအနက် ရေယာဉ်မှူးကြီး (Captain)အဆင့် (၅၆၁)ဦး၊ အင်ဂျင်နီယာမှူးကြီး (Chief Engineer) အဆင့်(၃၆၅)ဦးတို့သည် နိုင်ငံတကာသင်္ဘောများပေါ်တွင် အဆင့်မြင့်တာဝန်များ ထမ်းဆောင်လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမတွင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန၏ ရေယာဉ်တည်ဆောက်ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများကို စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းဝင်းအတွင်း တန်ချိန်၁၂,၀၀၀ ရေလုံသင်္ဘောကျင်းတွင် ရေယာဉ်များလွန်းတင်ပြင်ဆင်နေမှု အခြေအနေနှင့် ဌာနမှစီစဉ်ဖွင့်လှစ်သင်ကြားပေးနေသည့် လျှပ်စစ်ဂဟေဆက်သင်တန်း လေ့ကျင့်ပေးနေမှုကို သွားရောက်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်ရုံးသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဦးဆောင်ညွှန်ကြားရေးမှူးကဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆိပ်ကမ်းလုပ်ငန်းများ လျင်မြန်သွက်လက်စေရေး၊ အခွန်ငွေတိုးမြှင့်ကောက်ခံနိုင်ရေး ပိုမိုကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေဆိပ်ကမ်းအမှတ် (၁)၊ (၂)၊ (၃)နှင့် (၄) ဆိပ်ခံတံတားများ၏ အခြေအနေ၊ တံတားများတွင် ပြည်ပသင်္ဘောများ ဆိုက်ကပ်၍ ဆန်တင်ပို့ရန် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment