Friday, April 7, 2023

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၆)၊ သူရတပ်ခွဲ ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကျင်းပ



နေပြည်တော် ဧပြီ ၇

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၆)၊ သူရတပ်ခွဲပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် ကျောင်းအုပ်ကြီးတို့က စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများပေးအပ်ပြီးနောက် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ကို ၁၉၄၆ ခုနှစ်တွင် ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်( ၁ မှ ၁၆ )အထိလည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦးလွင်မြို့မှ ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၇ မှ ၂၈)အထိ လည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် သင်တန်းများဖွင့်လှစ်ခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဗထူးတပ်မြို့မှ မှော်ဘီမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်းသင်တန်း အမှတ် စဉ်(၂၉ မှ ၈၂)အထိလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့ ပြန်လည်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၈၃ မှ ယနေ့)အထိ ဗိုလ်လောင်းများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကာ အရာရှိများစွာ မွေးထုတ် ပေးလျက်ရှိသည်။

အဆိုပါ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၆)တွင် တပ်မတော်မှ စစ်သည်များနှင့် အရပ်သားဘွဲ့ရများ၊ စုစုပေါင်း (၁၆၂) ဦးတို့ တက်ရောက်အောင်မြင်ခဲ့ကြသည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းဆင်းအရာရှိများ အနက် အောင်ဆန်းသူရိယဘွဲ့ရရှိသူ(၁)ဦး၊ သီဟသူရဘွဲ့ရရှိသူ(၁ဝ)ဦး၊ သူရဘွဲ့ရရှိသူ(၉၄)ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ချီးမြှင့်ခံရသူ (၄၁၁) ဦးအထိ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment