Thursday, April 6, 2023

ပြည်တွင်းရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု တိုးတက်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ

 


နေပြည်တော်    ဧပြီ  

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း  အလျင်အမြန် ပြန်လည်တိုးတက်လာစေရေး မဟာဗျူဟာလုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာ ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ  ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

လိုအပ်သည်များပံ့ပိုးပေး

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း လုပ်ဆောင်လည်ပတ်ရေးကို  ပုဂ္ဂလိကကဏ္ဍမှ အဓိကဆောင်ရွက်သော်လည်း ဝန်ကြီးဌာနများက ထိန်းကျောင်းပေးရ သည့်အတွက် လုပ်ငန်းဆောင်တာများ မြန်ဆန်လွယ်ကူစေရန် လိုအပ်သည်များ ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ ပံ့ပိုးပေးရာတွင်လည်း ရှိနှင့်ပြီးသော ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ ဝင်ရောက်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းကဏ္ဍနှင့်  ဆက်စပ်သော လုပ်ငန်းများအနေဖြင့် ဝင်ငွေရရှိကြသည့်အတွက် ပိုမိုဝင်ရောက်လာရေး ဆွဲဆောင်ကြရမည်ဖြစ်ပါကြောင်း။ 

ခရီးသွား ဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် ကျန်းမာရေးကိစ္စ၊ ဗီဇာကိစ္စ၊ အာမခံဝယ်ယူရေးကိစ္စ၊ ငွေကြေးသုံးစွဲမှုကိစ္စနှင့် ဆက်စပ်လုပ်ငန်းစဉ်များ၌ အဆင်ပြေစေရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိခရီးစဉ် ဒေသများသို့ ပြည်တွင်းခရီးသွားများ များများလည်ပတ်ကြရေး၊ ပြည်ပခရီးသွားဝင်ရောက်မှုတိုးတက်ရေး၊   ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့အတွက် ကြိုးစားဆောင်ရွက်လျက်ရှိသဖြင့် အားလုံးဝိုင်းဝန်း    ကူညီပေးကြစေလိုပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် အခြားကဏ္ဍများနှင့် ဆက်စပ်နေသည့်အတွက်   ယနေ့တက်ရောက်လာသော ဝန်ကြီးဌာနများက မြန်မာ့ခရီးသွားလုပ်ငန်း အလျင်အမြန် ပြန်လည်တိုးတက်လာစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က  မဟာဗျူဟာလုပ်ငန်းစီမံချက် (မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ခရီးသွားသတင်းအချက်အလက်များ မြှင့်တင်ကြော်ငြာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ပြည်ဝင်ခွင့်ဗီဇာများ ခွင့်ပြုပေးနေမှု၊ SME လုပ်ငန်းများအတွက် ချေးငွေထုတ်ချေးပေး နေမှု၊ ကုန်စည်ပြပွဲများကျင်းပပေးနေမှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးတက်လာရေးအတွက် ဖြေလျှော့ ပေးနေမှု၊ ငွေကြေးသုံးစွဲမှု၊ ဘာသာစကား သင်တန်းများ သင်ကြားပို့ချပေးနေမှု စသည့် သက်ဆိုင်ရာ      ကဏ္ဍအလိုက်    ဆွေးနွေးတင်ပြ ကြသည်။

ဖြည့်စွက်ဆွေးနွေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment