Friday, April 21, 2023

ငွေရေးကြေးရေးကုမ္ပဏီများ၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေး ဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၀

ငွေရေးကြေးရေးကုမ္ပဏီများ၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေး ဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ ငွေရေးကြေးရေးကုမ္ပဏီများမှဥက္ကဋ္ဌများ၊ အုပ်ချုပ်မှု ဒါရိုက်တာများနှင့် အကြီးတန်း စီမံခန့်ခွဲသူများတက် ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေရေးကြေးရေးကုမ္ပဏီများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းများနှင့်အညီ တိကျစွာ လိုက်နာသွားရန် လိုအပ်ကြောင်း၊ ငွေရေးကြေးရေးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေးမှတစ်ဆင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကောင်းမွန်မှန်ကန်ပြီးခေတ်မီ Digital နည်းပညာကို အသုံးပြုထားသည့် ငွေကြေးဝန်ဆောင်မှုများမှတစ်ဆင့် ငွေရေးကြေးရေးကုမ္ပဏီများ၏ ဂုဏ်သတင်းနှင့် အကျိုးစီးပွား မြင့်တက်စေရေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးရန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို သတ်မှတ် ချက်များနှင့်အညီ တိုးတက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အကျယ်တဝင့် မှာကြားသည်။

ယင်းနောက်တက်ရောက်လာကြသော ငွေရေးကြေးရေးကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို Digital နည်းလမ်းဖြင့် တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ ဆိုင်ရာ သဘောတူညီချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ရန်အချက်များကို သိရှိပြီးဖြစ်သည်နှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment