Thursday, April 13, 2023

၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ စစ်တွေမြို့၌ ကျင်းပ

 


စစ်တွေ   ဧပြီ ၁၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးအဖွဲ့များနှင့်  ယိမ်းအကအဖွဲ့များတက်ရောက်ကြသည်။        

ဦးစွာ ရခိုင်ရိုးရာနံ့သာသွေးပွဲအခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွမ်းပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က  ရခိုင်ရိုးရာဆီမီးခွက်အကဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး နံ့သာသွေးပွဲတွင် ပါဝင်ကြသည့် နံ့သာသွေးအဖွဲ့ ၁၈ ဖွဲ့က သတ်မှတ်နေရာများတွင် နေရာယူကာ တစ်ဖွဲ့ချင်းမိတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နံ့သာသွေးပွဲတော်ကို ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်မှစပြီး ယနေ့ခေတ်တိုင်အောင် သားစဉ်မြေးဆက်အဆင့်ဆင့်လက်ဆင့်ကမ်း ထိန်းသိမ်းလာကြသော ရခိုင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ ရခိုင်ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ ဗုဒ္ဓဘာသာကိုအခြေခံသည့် ပွဲတော်ဖြစ်သည့်အတွက် သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်အလိုမှာ မိမိတို့မြို့ရွာ၊ ရပ်ကွက်အလိုက် ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အအုံများကို လူပျို၊ အပျို ရပ်ကွက်လူငယ်များက စုပေါင်းသွားရောက်၍ ရေဖြင့်ဆေးကြောသန့်စင် သန့်ရှင်းခြင်းများကို ဦးစွာလုပ်ကိုင်ကြကြောင်း၊ ညနေပိုင်းတွင် မိမိတို့ရပ်ကွက်ရှိ ဓမ္မာရုံ(သို့မဟုတ်) ယာယီအဆောက်လုပ်ထားသည့် မဏ္ဍပ်စသည့် အဆောက်အအုံများ၌ မီးများထွန်းညှိ၍ နံ့သာသွေးပွဲ ဆောင်ရွက်ကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိန်းမပျိုများသည် မိမိတို့၏ နံ့သာ၊ ကရမက်၊ အမွှေးနံ့သာတုံးများကို ယူဆောင်လာကာ ငွေဖလား၊ ကြေးဖလား၊ ဖန်ဖလားများဖြင့် စုဆောင်းထားကြပါကြောင်း၊ မိန်းမပျိုများ နံ့သာသွေးနေကြစဉ် ယောင်္ကျားပျိုများမှာလည်း မဏ္ဍပ်အဆောက်အအုံအပြင်မှ တူရိယာများဖြင့် ပျော်ရွှင်စွာ သီဆိုတီးမှုတ်ကခုန်ကြပြီး ညဉ့်ဦးပိုင်းတွင် စုဆောင်းထားရှိသော အမွှေးနံ့သာရည်များအား တာဝန်ရှိသူများက စဉ့်အိုးကြီးများ တွင်ထည့်၍ ကောင်းမွန်စွာ သိမ်းဆည်းထားကြပြီး ထိုကဲ့သို့ အစီအစဉ်များဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ရခိုင်ရိုးရာ နံ့သာသွေးပွဲဟုခေါ်ကြောင်း၊ ဗုဒ္ဓဘာသာတိုင်းပြည်၊ ဗုဒ္ဓဘာသာလူမျိုးတိုင်း၌ နှစ်ကူးအတာသင်္ကြန်ကို ဆင်ယင်ကျင်းပကြသော်လည်း နံ့သာသွေးပွဲကို မည်သည့်ဒေသတွင်မျှ ဆောင်ရွက်ခြင်းမပြုကြဘဲ နံ့သာသွေးပွဲတော်ဆိုသည်မှာ ထူးခြားသည့် ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြေသော ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ပင်ဖြစ်ကြောင်းနှင့် ယဉ်ကျေးသိမ်မွေ့ပြီး သမိုင်းအစဉ်အလာကြီးမားသော ရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နံ့သာသွေးအဖွဲ့များက နံ့သာသွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်နှင့် တာဝန်ရှိသူများက နံ့သာသွေးပွဲအား လှည့်လည်ကြည့်ရှုအားပေးကြကာ နံ့သာသွေးပွဲကျင်းပနေစဉ် ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များနှင့် စစ်တွေတပ်နယ်မှ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်နှင့် တာဝန်ရှိသူများက နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးသို့ ဘုရားရေသပ္ပါယ်ရန် ရခိုင်ရိုးရာ စဉ်လာမပျက် သွားရောက်ကြပြီး ဘုရားရေသပ္ပါယ်အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် နံ့သာ သွေးပွဲမှရရှိလာသော  အမွှေးနံ့သာရေများဖြင့် ရခိုင်ရိုးရာစဉ်လာမပျက် အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီးရှိ ဗုဒ္ဓဆင်းထုတော်များအား ဘုရားရေသပ္ပါယ်ပူဇော်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဘိုးဘွားရိပ်သာ၌ သက်ကြီး ဘိုးဘွားများအား သင်္ကြန်အကြိုနေ့ နေ့ဆွမ်းကျွေးမွေးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။           

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment