မုံရွာ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ဧပြီလ ၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ဒီဇယ်စက်ခေါင်းစက်ရုံ ရွာထောင်သို့ ရောက်ရှိပြီး ဒီဇယ်စက်ခေါင်းစက်ရုံ အထွေထွေမန်နေဂျာ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရှေးဦးစွာ ဒီဇယ်စက်ခေါင်းရုံ ထွေထွေမန်နေဂျာ ဦးအောင်ကျော်နိုင်က စက်ရုံ၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ အင်ဂျင်နီယာမှူး မြို့ပြတိုင်း-၂ ဦးစိုးမြင့်အောင်က ရထားလမ်းပိုင်း အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းလိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်ရန် လမ်းပိုင်းအလိုက် လိုက်လံကြည့်ရှုစစ်ဆေးပြီး ရထားသံလမ်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် သွားလာမှုချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သည်များ ပြင်ဆင်ထားရေး၊ လမ်းတစ်လျှောက်သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရထားစက်ခေါင်းနှင့် တွဲဆိုင်းများပြင်ဆင်ထားရေး၊ ပြေးဆွဲမည့်လမ်းတစ်လျှောက် ဘူတာရုံများအား ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ထားရေးနှင့် ခရီးသွားပြည်သူများစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးတို့ကို ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒီဇယ်စက်ခေါင်းရုံအတွင်း ဒီဇယ်စက်ခေါင်းများနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ထုတ်လုပ်နေမှုများအား ထွေထွေမန်နေဂျာ ဦးအောင်ကျော်နိုင်က လိုက်လံရှင်းလင်းတင်ပြကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာသို့ ရောက်ရှိပြီး စစ်ကိုင်းမြို့ကိုအခြေပြု၍ ခရီးလမ်းပိုင်းများ စတင်ပြေးဆွဲနိုင်ရန်အတွက် လမ်းပိုင်းအလိုက် ရထားသံလမ်းများကြံ့ခိုင်မှုရှိစေရေးနှင့် လိုအပ်သည်များ ပြင်ဆင်ထားရေး၊ ဘူတာရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေးတို့ကို မှာကြားခဲ့ပြီး ရွာထောင်ဘူတာရုံအား လိုက်လံကြည့်ရှုစစ်ဆေး ပြီးလိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment