Saturday, April 15, 2023

လျစ်လျူရှုခဲ့ကြသည့် ဖြစ်စဉ်အမှန်

 



စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အနီးတွင် PDF အကြမ်းဖက်ဌာနချုပ် NUG ရုံးဖွင့်ပွဲကျင်းပရာနေရာကို တပ်မတော်က လေကြောင်းအကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းမှု ဆောင်ရွက်ခဲ့သည့်သတင်းကို ခိုင်လုံသော အချက်အလက် သက်သေအထောက်အထားများ ပြည့်စုံစွာဖြင့် ပြည်တွင်းရှိ မီဒီယာများမှ စဉ်ဆက်မပြတ် ဖော်ပြပေးလျက်ရှိသည်။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUG နှင့် ၎င်း၏လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့က ၎င်းတို့အထိနာခဲ့သည့် ပဇီကြီးဖြစ်စဉ်ကို နိုင်ငံရေးအမြတ်ထုတ်နိုင် ရန်အတွက် ဖန်တီးနေသကဲ့သို့ပင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံအချို့တို့ကလည်း တရားဝင်ထုတ်ပြန်သည့် ဖြစ်စဉ်အမှန်ကို လျစ်လျူရှု၍ ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။

ပဇီကြီးကျေးရွာအနီးတွင် အကြမ်းဖက်ဌာနချုပ်ရုံးကို တိုက်ခိုက်ခဲ့ရာတွင် ကျေးရွာနှင့်အကွာအဝေးကို တွက်ချက်ပြီး အပြစ်မဲ့ပြည်သူများ မထိခိုက်စေရေးအတွက် လေကြောင်းမှ အကန့်အသတ်ဖြင့်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ အကြမ်းဖက်ခေါင်းဆောင်နှင့်အဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံပြည်သူအချို့ထံမှ လျှို့ဝှက်သတင်းပေးပို့ချက်များအရ သိရှိရသည့်အပြင် အွန်လိုင်းတွင် ထွက်ပေါ်လာသော အသံဖိုင်များ၊ ရုပ်/သံဖိုင်များအရလည်း အကြမ်းဖက်စခန်းတွင် ခင်းကျင်းပြသထားသော မိုင်းများ၊ ခဲယမ်းများ ထပ်မံပေါက်ကွဲခြင်း၊ ရုံးဖွင့်ပွဲအခမ်းအနားနှင့် ကျေးရွာအနီးတွင် ပတ်လည် ထောင်ထားသော မိုင်းတွင်းများကို ပြေးလွှားနင်းမိ၍ ပေါက်ကွဲခြင်း၊ ပဒေသာမိုင်းများ ထပ်ဆင့်ပေါက်ကွဲခြင်းတို့ကြောင့် သေဆုံးမှုပမာဏများပြားခဲ့ခြင်းဖြစ်သည်။

ပဇီကြီးကျေးရွာအနီးတွင် အခြေချတည်ဆောက်လာသည့် NUG/PDF ရုံးသည် အကြမ်းဖက်ဌာနချုပ်ဖြစ်ပြီး စစ်ရေးပစ်မှတ်တစ်ခုလည်း ဖြစ်သည်။ အဆိုပါ အကြမ်းဖက်စခန်းကို အခြေပြုသည့် KIA သောင်းကျန်းသူများနှင့် PDF အကြမ်းဖက် သမားများသည် ယမန်နှစ် ဧပြီ ၄ ရက်နေ့က ပင်လည်ဘူးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူနှင့် ဝန်ထမ်းများ သေဆုံးဒဏ်ရာရရှိမှုအပါအဝင် ကျေးရွာများတွင် မီးရှို့ခြင်း၊ လူသတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဒေသခံပြည်သူများကို ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကိုလည်း အဆက်မပြတ် ပြုလုပ်ခဲ့ကြသူများဖြစ်သည်။ ပဇီကြီးကျေးရွာ၏ ဥက္ကဋ္ဌကို PDF အကြမ်းဖက်သမားတို့က သတ်ဖြတ်ခဲ့ကြပြီး ကျေးရွာနေ ပြည်သူများကို အကြောက်တရားဖြင့် ထိန်းချုပ်ကာ ၎င်းတို့လိုသလို စေခိုင်းနေခဲ့ကြခြင်းလည်းဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သော နေရာသည် ကောင်းကင်မြေပုံအရလည်းကောင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများအရလည်းကောင်း ကျေးရွာပြင်ပတွင်ရှိနေပြီး ဆက်သွယ်ရေးမြောင်းများ၊ မိုင်းကွင်းများဖြင့် တည်ဆောက်ထားသည့်အပြင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ စုဝေးရောက်ရှိနေစဉ် စစ်ဘက်ပစ်မှတ်အဖြစ် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ပဇီကြီးအကြမ်းဖက်ဌာနချုပ်ရုံးဖွင့်ပွဲ တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လူပုဂ္ဂိုလ်အချို့နှင့် နိုင်ငံအချို့၏ ဝေဖန်ပြောကြားမှု၊ ကန့်ကွက်ရှုတ်ချမှုတို့က ၎င်းတို့၏ အကျိုးစီးပွားတို့အတွက် သာလျှင်ဖြစ်သည်။ ကမ္ဘာ့ရေးရာများတွင် အင်အားကြီးနိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများ၊ အမှားအယွင်းများကြောင့် အပြစ်မဲ့ ပြည်သူများထောင်ပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှု၊ မြို့ရွာများ ပျက်စီးခဲ့ရမှုများ မြောက်မြားစွာ တို့အပေါ်တွင် နှုတ်ဆိတ်နေခဲ့ကြသူများ၊ ဘက်လိုက်၍ နားလည်မှုပေးခဲ့ကြသူများ ဖြစ်သည်။ မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး ဖော်ဆောင်ရာတွင် နိုင်ငံတစ်ဝန်း အေးချမ်းသာယာရေးသည် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်သည့်အလျောက် အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်သမားများကို ဥပဒေနှင့်အညီ တားဆီးနှိမ်နင်းမှုများကို မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ရာ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment